နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / November 04, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၄

(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ကော်မတီဝင်များ၊ ဆပ်ကော်မတီများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ညှိနှိုင်းအစည်းအဝေးသည် ၂၀၂၄ ခုနှစ် (၂၃)ကြိမ်မြောက် ကျင်းပမည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲကို နိုင်ငံတော်အဆင့်အနေဖြင့် ၂၀၀၀ ပြည့်နှစ်က စတင်ကျင်းပခဲ့ရာ(၂၂) ကြိမ်မြောက်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ယခု(၂၃)ကြိမ်မြောက်ကိုလည်း အဆင်ပြေချောမွေ့အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ဦးစီးကော်မတီအနေဖြင့် စီစဉ်ဆောင်ရွက်ရန်ရှိသည်များကို အသေးစိတ်ဆွေးနွေးညှိနှိုင်းကြရန်ဖြစ်ကြောင်း။

(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို တိုင်းရင်းဆေးပညာသင်ကြားရေးဆိုင်ရာ အရည်အသွေးအသိအမှတ်ပြုနိုင်စေရန်၊ တိုင်းရင်းဆေးပညာပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းဆေးဝါးများ ခေတ်စနစ်နှင့်အညီ ထုတ်လုပ်နိုင်စေရန်၊ အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်စေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်အား လေးစားတန်ဖိုးထားတတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အထက်ပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် အားလုံးဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရှေးဘိုးဘွားစဉ်ဆက် နှစ်ပေါင်းများစွာကရှိခဲ့သော ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အမျိုးသားယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရေးကို ယခုညီလာခံနှင့် နှီးနှောဖလှယ်ပွဲများမှ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ညီလာခံတွင် အဆိုတင်သွင်းခြင်း၊ ထောက်ခံဆွေးနွေးခြင်းများ ဆောင်ရွက်မည်ဖြစ်သကဲ့သို့ နှီးနှောဖလှယ်ပွဲတွင် ဖတ်ကြားမည့်စာတမ်းများသည် ရှေးဘိုးစဉ်ဘောင်ဆက် တိုင်းရင်းသားများ၏ ရိုးရာဆေးဝါးများ၊ ကုထုံးများလက်တွေ့တိုင်းရင်းသားများ အသုံးပြုနေသည့် ဆေးဝါးများနှင့် ကုထုံးများ အဓိကပါဝင်ရန်လိုအပ်သည့်အပြင် နိုင်ငံတကာသုံး ရိုးရာတိုင်းရင်းဆေးဝါးများနှင့်လည်း နှိုင်းယှဉ်၍ အားသာချက်၊ အားနည်းချက်များကို ပြုစုကြရန်လိုကြောင်း၊ ထို့ပြင် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် အထူးမှာကြားလိုကြောင်း။

ညီလာခံနှင့် နှီးနှောဖလှယ်ပွဲဆောင်ရွက်ချက် မှတ်တမ်းများကို ယခင်နှစ်များနည်းတူ စနစ်တကျပြုစုပြီး မျိုးဆက်သစ်နောင်လာနောက်သားများအတွက် လက်ဆင့်ကမ်းအသုံးပြုနိုင်ရန် မှတ်တမ်းတင်ထားရှိရန် မှာကြားလိုကြောင်း၊ ထိုသို့မှတ်တမ်းတင်ရာတွင် မှတ်တမ်းထားရှိထိန်းသိမ်းမှု၌ မှတ်တမ်းများ မပျက်မစီးဘဲ သားစဉ်မြေးဆက် အသုံးချနိုင်ရေး မူရင်းစာတမ်းများကို စနစ်တကျထိန်းသိမ်းရန်လိုအပ်သကဲ့သို့ (I.T) ခေတ်ဖြစ်၍လည်း မူရင်းစာတမ်းမှ အချက်အလက်များကို စုစည်း၍ Data Base တစ်ခုတည်ဆောက်ပြီး ဝန်ကြီးဌာန၏ Website များ၊ Sever များတွင် ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ထို့ပြင် စာတမ်းပါဆေးဝါးများနှင့်ပတ်သက်၍ အများပြည်သူများအလွယ်တကူ သောက်သုံးနိုင်ရေးကိုလည်း တီထွင်ကြံဆထုတ်လုပ်ရမည်ဖြစ်သကဲ့သို့ ထုတ်လုပ်ပြီး တိုင်းရင်းဆေးဝါးများကိုလည်း မူပိုင်ခွင့်အရ မှတ်ပုံတင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း။

မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများသည် မြန်မာနိုင်ငံအတွင်းရှိ တော၊ တောင်၊ ရေ၊ မြေတို့က ရရှိနိုင်သည့် သဘာဝအရင်းအမြစ်များဖြင့် တိုင်းရင်းဆေးဝါးများတွင် ထည့်သွင်းအသုံးပြုပြီး ခေတ်အဆက်ဆက်တွင် ပြည်သူလူထု၏ကျန်းမာရေးကို စောင့်ရှောက်ပေးသကဲ့သို့ ကပ်ရောဂါဘေးနှင့် သဘာဝဘေး အန္တရာယ်များဖြစ်သည့် လေဘေး၊ ရေဘေးစသည့် အန္တရာယ်များကြုံတွေ့သည့် အခါမှာလည်း ပြည်သူလူထုကို တစ်ဖက်တစ်လမ်းက မြန်မာ့တိုင်းရင်းဆေးပညာဖြင့် အားသွန်ခွန်စိုက် စွမ်းစွမ်းတမံ စောင့်ရှောက်ပေးကြသည်ကို တွေ့ရကြောင်း။

ထို့ပြင် နိုင်ငံတကာပူးပေါင်ဆောင်ရွက်မှုအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင်အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုင်းရင်းဆေးပညာကဏ္ဍများတွင် အတူပူးပေါင်းဆောင်ရွက်နေခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့်ဆေးဝါးများ အရည်အသွေးပြည့်ဝစွာဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာသို့ ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအစဉ်အလာ ကြီးမားသည့် ဆေးကျမ်းများနှင့် အာနိသင်ထက်မြက်သည့် ဆေးဝါးများစသည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၏ အနှစ်သာရ အဆီအနှစ်များကိုစုစည်းပြီး အမျိုးသားအမွေအနှစ် ဆေးပညာရပ်တစ်ရပ်အဖြစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဤညီလာခံကြီးမှ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြရမည်ဖြစ်ကြောင်း။

အခြားနိုင်ငံများ၏ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကို မြန်မာနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူ လုပ်ငန်းရှင်များ သွားရောက်ပြီး တက်ရောက်ခဲ့ကြသကဲ့သို့ ယခုညီလာခံနှင့် နှီးနှောဖလှယ်ပွဲသို့လည်း အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများမှ ဘာသာရပ်ဆိုင်ရာပညာရှင်များ ဖိတ်ကြား၍ ပါဝင်ဆွေး နွေးစေလိုကြောင်း။

ထို့ကြောင့်(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကြီးကို နိုင်ငံတော်အဆင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးအနေဖြင့် မိမိတို့သက်ဆိုင်ရာ အခန်းကဏ္ဍများတွင် လစ်ဟာမှုမရှိအောင် အင်တိုက်အားတိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရခြင်းနှင့် နှီးနှောဖလှယ်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစုစုဒွေးက နှီးနှောဖလှယ်ပွဲကြီး အောင်မြင်ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအလိုက် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ယခုနှစ်ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်သွားမည့် အသေးစိတ်အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့်သတင်း ထုတ်ပြန်ရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးနှင့် တည်းခိုနေရာချထားရေးဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
 

HOT NEWS
January 4,