နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (၁၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲတက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (၁၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲတက်ရောက်


Ministry of Information/ Naypyitaw / January 17, 2023
image_latest


နေပြည်တော် ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (၁၉) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (ရုံးချုပ်) သီရိရတနာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်သည်။

တက်ရောက်

အခမ်းအနားသို့ ဂုဏ်ထူးဆောင် နာယကများဖြစ်သည့် ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဒုတိယခေါင်းဆောင်များ၊ လုပ်ငန်း အဖွဲ့ခွဲ ခေါင်းဆောင်များ၊ အတွင်းရေးမှူးများ၊ နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် ကျား၊ မ တန်းတူ ညီမျှရေးနှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် စွမ်းပကား မြှင့်တင်ခြင်း လုပ်ငန်း စဉ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာအဆင့် အကောင်အထည်ဖော် ဆောင်ရွက်မှု အနေဖြင့် အမျိုး သမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့် ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂမှ ချမှတ်ခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များစသည့် နိုင်ငံတကာ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပစဉ်ကာလ အတွင်း ချီးမြှင့်ခဲ့သည့် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆုကို မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်က ထိုက်ထိုက်တန်တန် ရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

ပူးပေါင်းပါဝင်ဆောင်ရွက်

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) (NSPAW) Phase 1 ပါ လုပ်ငန်းစဉ်များဖြစ်သည့် အမျိုး သမီးများနှင့် ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ မီဒီယာ၊ သဘာဝ ပတ်ဝန်းကျင်၊ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု၊ အရေးပေါ် အခြေအနေနှင့် ပဋိပက္ခဒေသ အတွင်းရှိ အမျိုးသမီးများအတွက် လုပ်ငန်းရပ်များ ဆောင်ရွက်ပေးလျက်ရှိရာမှာ မြန်မာနိုင်ငံအမျိုး သမီးရေးရာ အဖွဲ့ချုပ်နှင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည့်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်း မြောက်မိပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၃၂) NSPAW Phase 2 ရေးဆွဲရေးကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ် ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်အတူ နေပြည်တော်ကောင်စီ/ တိုင်းဒေသ ကြီး/ ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အမျိုး သမီးရေးရာအဖွဲ့ချုပ်တို့နှင့် ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်း လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးသည့် နေရာများ၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ခဲ့မှုများကို အထူးလေးစားအားရဖွယ် တွေ့ရှိရပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အာဆီယံဆိုင်ရာ လုပ်ငန်းများ အပါအဝင် လူမှုဝန်ထမ်းလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကော်မတီအဖွဲ့ဝင် အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍသည် များစွာအရေးပါသည့်အတွက် ရှေ့လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီနှင့်အတူ အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

မှတ်တမ်းဗီဒီယိုကိုကြည့်ရှု

ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး မှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်၊ ကျေးရွာများအား ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ ဂုဏ်ထူးဆောင် နာယက ဒေါ်ကြူကြူလှက လွှမ်းခြုံမှုနှင့် စွမ်းဆောင်မှု အကောင်းဆုံးဆုတွင် ပထမဆုရ ရှမ်းပြည်နယ်၊ ဒုတိယဆုရ မကွေး တိုင်းဒေသကြီး၊ တတိယဆုရ ရန်ကုန်တိုင်းဒေသကြီးနှင့် အထူးဆုရ ချင်းပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆုများပေးအပ်ချီးမြှင့်

ထို့နောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးက လွှမ်းခြုံမှု အကောင်းဆုံးဆုတွင် ပထမဆုရ ကချင်ပြည်နယ်၊ ဒုတိယဆုရ စစ်ကိုင်းတိုင်းဒေသကြီး၊ တတိယဆုရ မွန်ပြည်နယ်နှင့် အထူးဆုရ နေပြည်တော်ကောင်စီနယ်မြေတို့မှ ကိုယ်စားလှယ်များ ကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ်က စွမ်းဆောင်မှု အကောင်းဆုံးဆုတွင် ပထမဆုရ ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရ ကရင်ပြည်နယ်၊ တတိယဆုရ ရခိုင်ပြည်နယ်နှင့် အထူးဆုရ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊ နာယက ဒေါ်နီနီဝင်းက စဉ်ဆက်မပြတ်စွမ်းဆောင်မှု အကောင်းဆုံးဆုတွင် ပထမဆုရ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရ ရှမ်းပြည်နယ်၊ တတိယဆုရ မွန်ပြည်နယ်နှင့် အထူးဆုရ မန္တလေးတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြ သည်။

လှည့်လည်ကြည့်ရှု

ထို့နောက် ဂုဏ်ထူးဆောင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယကများဖြစ်သည့် ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် (၁၉) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး နေ့လယ်ပိုင်း (ပထမပိုင်းအစီအစဉ်) ကို ဆက် လက်ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်က အမှာစကားပြောကြားပြီး သဘာပတိအဖြစ် ဆောင်ရွက်သည်။ ဆက်လက်၍ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့များက နှစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကို တင်ပြကြပြီး တင်ပြချက်များအပေါ် သဘာပတိက ပြန်လည် သုံးသပ်ခဲ့သည်။

ဆက်လက်၍ အစည်းအဝေး နေ့လယ်ပိုင်း (ဒုတိယပိုင်းအစီအစဉ်) ကို ဆက်လက်ကျင်းပရာ ဒုတိယဥက္ကဋ္ဌ-၁ ဒေါ်တင်တင်လတ်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များက နှစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကို တင်ပြကြရာ တင်ပြချက်များအပေါ် သဘာပတိမှ ပြန်လည်သုံးသပ်ခဲ့ကြောင်းနှင့် အဆိုပါနှစ်ပတ် လည် အစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်