နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၄၅၃ ဦးနှင့် အမျိုးသမီး ၅၃ ဦး၊ ပေါင်း ၅၀၆ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၄၅၃ ဦးနှင့် အမျိုးသမီး ၅၃ ဦး၊ ပေါင်း ၅၀၆ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်
Ministry of Information/ Naypyitaw / March 19, 2026
နေပြည်တော် မတ် ၁၉
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့်နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၄၅၃ ဦးနှင့် အမျိုးသမီး ၅၃ ဦး၊ ပေါင်း ၅၀၆ ဦးတို့ကို တာဝန်ရှိသူများက သက်ဆိုင်ရာနယ်မြေများအလိုက် အသီးသီးကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကိုခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၅ ဦး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား ၃ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား ၆ ဦး၊ အမရပူရ မြို့နယ်မှ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား ၁ ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား ၂ ဦး၊ တံတားဦမြို့နယ်မှ အမျိုးသား ၁ ဦး၊ ငါန်းဇွန်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား ၄ ဦး၊ မိတ္ထီလာ မြို့နယ်မှ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ နွားထိုးကြီးမြို့နယ်မှ အမျိုးသား ၉ ဦး၊ ရမည်းသင်းမြို့နယ်မှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား ၄ ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၂ ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား ၂၁၉ ဦး၊ အမျိုးသမီး ၃၁ ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၇ ဦး၊ ကျောက်ပန်းတောင်းမြို့နယ်မှ အမျိုးသား ၃ ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှ အမျိုးသား ၂ ဦး၊ ငဖဲမြို့နယ်မှ အမျိုးသား ၃ ဦး၊ တောင်တွင်းကြီးမြို့နယ်မှ အမျိုးသား ၃ ဦးဖြစ်၍ အမျိုးသား ၄၅၃ ဦးနှင့် အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦးတို့နှင့်အတူ လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား တာဝန်ရှိသူများက စနစ်တကျ လက်ခံထိန်းသိမ်းခဲ့ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မောင်းပြန်ရိုင်ဖယ် သေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ်သိန်း ၅၀ နှုန်း၊ RPG တစ်လတ်အတွက် ဆုကြေးငွေကျပ် ၇၅ သိန်းနှန်း၊ လက်လုပ်သေနတ် တစ်လက်နှုန်းအတွက် ဆုကြေးငွေကျပ် ၅ သိန်းနှုန်း၊ လက်ပစ်ဗုံး/ ဗုံးသီး တစ်လုံးစီအတွက် ဆုကြေးငွေကျပ် ၃ သိန်းနှုန်း၊ စကားပြောစက်တစ်လုံးအတွက် ဆုကြေးငွေကျပ် ၂ သိန်းနှုန်း၊ ကျည်ကာအင်္ကျီတစ်ထည်လျှင် ဆုကြေးငွေကျပ် ၂ သိန်းနှုန်း၊ ကျည်ကာဦးထုပ် တစ်လုံးလျှင် ဆုကြေးငွေကျပ် ၂ သိန်းနှုန်းနှင့် အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင်ငွေကျပ် ၁ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၂၀၀၀ ခန့်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် လက်နက်မျိုးစုံ ၇၈ လက်နှင့် လက်ပစ်ဗုံး/ ဗုံးသီး ၃၈ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည်အိမ်မျိုးစုံ ၅၀ ခု၊ ကျည်မျိုးစုံ ၃၃၆၂ တောင့်၊ မိုင်းမျိုးစုံ ၁၄ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာဦးအုပ် ၅ လုံးတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက်ခဲယမ်းများအား ကြည့်ရှုစစ်ဆေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက်ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
