နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသားငါးဦး၊ အမျိုးသမီးတစ်ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသားငါးဦး၊ အမျိုးသမီးတစ်ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်
Ministry of Information/ Naypyitaw / May 06, 2026
နေပြည်တော် မေ ၅
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင် ရောက်ရန်ဖိတ်ခေါ်၍ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင်အမျိုးသား ငါးဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်းခြောက်ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် PDF အဖွဲ့ဝင် ခြောက်ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံပြန်လည် လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းရန်အောင် ခန်းမ၌ပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းမှူးဗိုလ်ချုပ်ကျော်ကျော် ဟန်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ကြသူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးတိုင်းမှူးက ဥပဒေဆိုင်ရာအသိ ပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M4A1 သေနတ် တစ်လက်၊ MA5 ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်မျိုးစုံသုံးခု၊ ကျည်မျိုးစုံ ၅၇ တောင့်၊ MG-1 လက်ပစ်ဗုံး နှစ်လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
ယင်းနောက် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် တစ်လက်အတွက် ငွေကျပ်သိန်း ၅၀၊ ပစ္စတိုသေနတ် တစ်လက်အတွက် ငွေကျပ်သိန်း ၂၀၊ လက်ပစ်ဗုံးနှစ်လုံးအတွက် ငွေကျပ် သုံးသိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် တစ်ဦးလျှင် ၁၅ သိန်းနှုန်းဖြင့် ငွေကျပ်သိန်း ၆၀ တို့ကို ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဥပဒေဘောင်အတွင်း သို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက် အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်း အဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ် ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ် ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်း သူများထံသို့ စနစ်တကျ ပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦး၏ စကားသံကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -
ကျွန်တော်ကတော့ PDF ထဲကို ၂၀၂၄ ခုနှစ် ၁၂ လပိုင်းလောက်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော် PDF ထဲရောက်ရောက်ချင်း အခြေခံသင်တန်းလေးလနဲ့ အထူးကွန်မန်ဒိုသင်တန်း လေးလကို တက်ရောက်ခဲ့ပါတယ်။ သင်တန်းဆင်းပြီးတဲ့နောက် တပ်စိတ်မှူးဖြစ်ခဲ့ပါတယ်။ တပ်စိတ်မှူးအဖြစ်နဲ့ KNU တပ်မဟာနဲ့ပူးပေါင်းပြီး နေထိုင်ရပါတယ်။ ကျွန်တော်တို့နေထိုင်တဲ့ နေရာကတော့ ပုလောနယ်တစ်ခွင်မှာ လှုပ်ရှားသွားလာရပါတယ်။ သူတို့တွေက ကျွန်တော်တို့ PDF တွေကို ခွဲခြားဆက်ဆံပါတယ်။ အလုပ်ကြမ်းတွေ လုပ်ခိုင်းတယ်။ နှိမ်တယ်။ အသက်အန္တရာယ်ရှိတဲ့အလုပ်တွေကို ကျွန်တော်တို့တွေက လုပ်ခဲ့ရပါတယ်။ စစ်တိုက်တဲ့နေရာမှာဆိုရင်လည်း ကျွန်တော်တို့ PDF တွေက အဓိကလုပ်ကိုင်ရတယ်။ သူတို့ တွေက စကားပြောစက်တွေနဲ့ အမိန့်ပေးပြီး အနောက်မှာနေတာ များပါတယ်။ တချို့တွေဆိုရင် ဂိတ်ကြေးတွေ ကောက်တယ်။ ဆက်ကြေးတွေ ကောက်တယ်။ တချို့တွေဆိုလည်း ထိုင်းနိုင်ငံ ထဲမှာ ကိုယ်ပိုင်အိမ်တွေတောင် ဝယ်ထားကြပါတယ်။ တချို့ခေါင်းဆောင်တွေကတော့ စီးပွားရေးသမားတွေ ဖြစ်လာတာကို သိရှိလာရပါတယ်။ ကျွန်တော်တို့ တွေကတော့ တောထဲမှာ ပင်ပင် ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ ဒုက္ခခံပြီးနေရတာများပါတယ်။ ဘယ်နေ့သေမလဲဆိုပြီး တွေးပြီးနေရတာ များပါတယ်။ အမြဲတမ်း ကြောက် လန့်တဲ့စိတ်နဲ့ နေရတာများပါတယ်။ ကျွန်တော် ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။
အခုမှပဲ လွတ်မြောက်လာခြင်းဖြစ်ပါတယ်။ အခွင့်အရေးသာတဲ့အချိန်မှာ တပ်ခွဲမှူးရဲ့သေနတ်ကိုခိုးယူလာပြီး တပ်မတော်ဘက်ကို အလင်းဝင်လိုက်ပါတယ်။ အခုလိုအလင်းဝင်လိုက်ပြီးနောက်ပိုင်းမှာ ကျွန်တော်ကောင်းကောင်းမွန်မွန် နေထိုင်ရပါတယ်။ ကောင်းကောင်း မွန်မွန်စားသောက်ရတယ်။ လူငယ်တစ်ယောက်ရဲ့ ဘဝပျော်ရွှင်မှု ခံစားခွင့်တွေကိုလည်း ပြန်လည်ရရှိခဲ့ပါတယ်။ အဲဒီအတွက်လည်း နိုင်ငံတော်နဲ့ တပ်မတော်အပေါ် အထူးကျေးဇူးတင်ရှိပါတယ်။ တောထဲမှာကျန်ခဲ့တဲ့ ညီအစ်ကို မောင်နှမအပေါင်းအသင်း PDF တွေကိုလည်း အမြန်ဆုံးအလင်းဝင်ပြီး မှန်ကန်တဲ့လမ်းကိုရွေးချယ်ပါလို့ ကျွန်တော်ပြောချင်ပါတယ်။
