နိုင်ငံတော်ပိုင် မြန်မာအမျိုးသားလေကြောင်းမှ လေကြောင်းကုန်စည်ပို့ဆောင်ရေး (Cargo Flight) ခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲခြင်း
နိုင်ငံတော်ပိုင် မြန်မာအမျိုးသားလေကြောင်းမှ လေကြောင်းကုန်စည်ပို့ဆောင်ရေး (Cargo Flight) ခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲခြင်း
Ministry of Transport and Communications/ Naypyitaw / September 19, 2023
(၁၉-၉-၂၀၂၃)
နိုင်ငံတော်ပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းသည် ခရီးသည်တင် လေယာဉ်ခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲလျက်ရှိရာမှ လေကြောင်းဖြင့် ကုန်စည်များ သယ်ယူ ပို့ဆောင်ရေးကိုပါ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် လေကြောင်းကုန်စည်ပို့ဆောင်ရေး (Cargo Flight) ခရီးစဉ်များကိုပါ ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပထမဦးဆုံး လေကြောင်း ကုန်စည် ပို့ဆောင်ရေး (Cargo Flight) ခရီးစဉ်အဖြစ် Boeing 737-400 အမျိုးအစား ကုန်တင် လေယာဉ်ဖြင့် ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စတင်ပျံသန်း ပြေးဆွဲခဲ့သည်။
အဆိုပါ Boeing 737-400 အမျိုးအစား ကုန်တင် လေယာဉ်သည် မြန်မာနိုင်ငံသို့ ယခုလ ၁၅ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကုန်တန်ချိန်အားဖြင့် ၁၈ တန် အထိ သယ်ဆောင် နိုင်ကြောင်း သိရှိရသည်။ မြန်မာအမျိုးသားလေကြောင်း အနေဖြင့် ကုန်တင်လေယာဉ်ခရီးစဉ်များကို ဒေသတွင်းနိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံများသို့လည်း ထပ်မံတိုးချဲ့ ပျံသန်းပြေးဆွဲ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ကုန်စည်ပို့ဆောင်ရေးခရီးစဉ်များကို တိုးချဲ့ပျံသန်းပြေးဆွဲခြင်းဖြင့် နိုင်ငံ၏ ပို့ကုန်/သွင်းကုန် တိုးမြှင့် တင်ပို့နိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေး တိုးတက်မှုကို တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေး ရာလည်း ရောက်မည်ဖြစ်ပါသည်။ ယနေ့ ပထမဦးဆုံး ပျံသန်းသည့် ကုန်တင်လေယာဉ် ခရီးစဉ်တွင် ကုန်စည်စုစုပေါင်းတန်ချိန် ၁၅ ဒသမ ၉ တန် သယ်ယူ ပို့ဆောင်ခဲ့ကြောင်း သတင်း ရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
