နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအား စေတနာရှင်ပြည်သူများက ဒုတိယအကြိမ်အလှူငွေများ ပေးအပ်လှူဒါန်း


Ministry of Information/ Naypyitaw / February 12, 2024
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁၂

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအား စေတနာရှင်ပြည်သူများက ဒုတိယအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စေတနာရှင်၊ အလှူရှင်များ တက်ရောက်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဌာနမှ အလှူရှင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာများမှ အလှူရှင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ရုံး များမှ အလှူရှင်များ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် ဒုတိယအကြိမ်အဖြစ် စေတနာရှင်၊ အလှူရှင် စုစုပေါင်း (၂၀၅) ဦးက လာရောက်လှူဒါန်းကြပြီး လက်ခံရရှိသော အလှူငွေစုစုပေါင်းမှာ ငွေကျပ် ၁၀၁၀,၁၂၇,၀၀၀/ (ကျပ် တစ်သောင်းတစ်ရာ့တစ်သိန်းနှစ်သောင်းခုနစ်ထောင်တိတိ) ကို လက်ခံရရှိခဲ့သည်။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် စေတနာရှင်၊ အလှူရှင် (၉၉) ဦးက လှူ‌ဒါန်းငွေကျပ် ၁၁၂၇,၃၂၅,၆၀၀ /-(ကျပ် တစ်သောင်းတစ်ထောင့်နှစ်ရာခုနစ်ဆယ့်သုံးသိန်း နှစ်သောင်းငါးထောင်ခြောက်ရာတိတိ) လက်ခံရရှိခဲ့ကြောင်းသိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)