နိုင်ငံတော်အစိုးရက ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည့် အီရတ်နိုင်ငံဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားတို့၏ ဝမ်းသာပီတိ ရင်တွင်းစကားသံများ
နိုင်ငံတော်အစိုးရက ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည့် အီရတ်နိုင်ငံဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားတို့၏ ဝမ်းသာပီတိ ရင်တွင်းစကားသံများ
Ministry of Information/ Naypyitaw / February 03, 2024

နေပြည်တော် ဖေဖော်ဝါရီ ၂
နိုင်ငံတော်အနေဖြင့် ပြည်ပတွင်ရောက်ရှိ နေကြသည့် အမိနိုင်ငံသားများ အခက်အခဲများကြုံတွေ့ နေရပါက မည်သို့သော အခြေအနေသို့ ရောက်ရှိနေသည့်တိုင် မိမိတို့နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားပြီး ကယ်တင်ခြင်း၊ ပြန်လည်ခေါ်ဆောင်ခြင်းတို့ကို မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံသံရုံးများ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ မိမိတို့နိုင်ငံသားများ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းဆောင် ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ အစ္စရေးနှင့်ဟားမားစ်တို့ ပဋိပက္ခအတွင်း ပိတ်မိခဲ့ကြသည့် မြန်မာနိုင်ငံသားများကို အချိန်မီကယ်တင်နိုင်ခဲ့သည့်နည်းတူ အီရတ်နိုင်ငံ အကျပ်အတည်းများအတွင်း ပိတ်မိနေကြသော မြန်မာနိုင်ငံသားများကိုလည်း နိုင်ငံတော်၏စေတနာဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဘဂ္ဂဒက်-ဒူဘိုင်း-ဗန်ကောက်-ရန်ကုန်ခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြရာ တာဝန်ရှိသူနှင့် ပြန်လည်ရောက်ရှိလာကြသူတို့၏ ဝမ်းသာပီတိ ရင်းတွင်းစကားသံများကို စုစည်းဖော်ပြလိုက်ပါသည်-
ဒေါ်ဝေဝေလတ်(ပြန်လည်ထူထောင်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး)
ကျွန်မတို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေနဲ့ လုပ်ငန်းငါးရပ်ကို ဆောင်ရွက်နေပြီး အခုလိုအီရတ်နိုင်ငံက ပြန်လာတဲ့ နိုင်ငံသားသုံးဦးဟာလည်း ကျွန်မတို့ရဲ့နိုင်ငံသားတွေဖြစ်တဲ့အတွက် လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေနဲ့ လာရောက်ကြိုဆိုတာဖြစ်ပါတယ်။
မဟန်နီထွန်း (စစ်တွေမြို့)
ကျွန်မက စစ်တွေမြို့ကပါ။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ အလုပ်လုပ်ဖို့သွား ရောက်ခဲ့တာပါ။ ဟိုမှာ အခက်အခဲမျိုးစုံရင်ဆိုင်နေရတဲ့အတွက် အမိနိုင်ငံကို အလွန်ပြန်ချင်ပါတယ်။ ပြန်ဖို့လည်း အခက်အခဲတွေ ရှိနေချိန်မှာ မြန်မာနိုင်ငံသံရုံးနဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေက ခရီးစရိတ် အကုန်အကျခံပြီး ပြန်လည်ခေါ်ဆောင်ပေးမှုကို အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ အခုလိုကျွန်မတို့ ပြည်ပနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရချိန် ပြန်လည်ခေါ်ဆောင်ပေးတာကို ဖော်မပြတတ်အောင် ကျေးဇူးအထူးတင်ပါတယ်လို့ ပြောကြားရင်း လက်ဆယ်ဖြာမိုးပြီး ကန်တော့ပါတယ်။ နိုင်ငံတော်က လူကြီးတွေရဲ့ကျေးဇူးကြောင့်သာ ပြန်လည်ရောက်ရှိနိုင်ခဲ့တာပါ။ ရင်ထဲက လှိုက်လှိုက်လှဲလှဲကို ကျေးဇူးအထူးတင်ပါတယ်။
မမြတ်အေးစံ(ပုဏ္ဏားကျွန်းမြို့)
ရန်ကုန်လေဆိပ်ကို လေယာဉ်ဆင်းလာချိန်မှာ ကျွန်မရင်ထဲဝမ်းနည်းဝမ်းသာ ခံစားရပြီး မျက်ရည်လည်း ဝဲရပါတယ်။ မြန်မာနိုင်ငံနဲ့ မိမိဒေသကို ပြန်ရောက်လိမ့်မယ်လို့ မထင်ထားပါဘူး။ မိဘဆွေမျိုးတွေနဲ့ ပြန်တွေ့ရလိမ့်မယ်လို့လည်း မထင်ထားပါဘူး။ အီရတ်နိုင်ငံမှာ အလွန်ဒုက္ခရောက်ပါတယ်။ ရင်ထဲနက်နက်ရှိုင်းရှိုင်း ပြောချင်တာတစ်ခုက မြန်မာနိုင်ငံက လူကြီးတွေအားလုံး။ သံရုံးက ဆရာဆရာမတွေနဲ့ ကျွန်မတို့ကို လာရောက် ကြိုဆိုကြတဲ့ ဆရာဆရာမတွေအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။
သန်းနွယ်ဌေး(မြောက်ဦးမြို့)
ကျွန်မကဒူဘိုင်းမှာ အလုပ်လုပ်တာပါ။ ဒူဘိုင်းကနေ အီရတ်မှာပြောင်းပြီး အလုပ်လုပ်ပါတယ်။ အီရတ်နိုင်ငံမှာ အခက်အခဲတွေကြုံရပြီး မြန်မာနိုင်ငံလို စိတ်ထားမျိုးမရှိတဲ့အတွက် ပိုပြီးခံစားရပါတယ်။ အခုလိုနိုင်ငံတော်စရိတ်နဲ့ ပြန်လည်ခေါ်ဆောင်ပေးလို့သာ ကျွန်မတို့ပြန်ရောက်ခဲ့တာပါ။ နိုင်ငံတော်က လူကြီးတွေ၊ မြန်မာသံရုံးက ဝန်ထမ်းတွေနဲ့ ကျွန်မတို့ကို ကူညီဆောင်ရွက်ပေးသူအားလုံးကို ဒီနေရာကနေ ကန်တော့ပါတယ်။ ကျေးဇူးလည်း အတိုင်းမသိ တင်ပါတယ်။
ညိမ်းသူ(သတင်းစဉ်)၊ဓာတ်ပုံ - ကနူး

