နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း အမှတ်စဉ် (၂) အပိုင်း (၁) (Diploma in IPSAS ၊ Batch-2 ၊ Level-I) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း အမှတ်စဉ် (၂) အပိုင်း (၁) (Diploma in IPSAS ၊ Batch-2 ၊ Level-I) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / July 31, 2025


မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း ( Diploma in International Public Sector Accounting Standards - Dip IPSAS) သင်တန်းအမှတ်စဉ်(၂) ၊ အပိုင်း (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ သည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်ရာတွင် ခိုင်မာအားကောင်းသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ဖြစ်ပေါ်လာစေရေး၊ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ကဏ္ဍများတွင် စာရင်းပညာကျွမ်းကျင်သူ၊ စာရင်းပညာရှင်နိုင်ငံ့ဝန်ထမ်းများ အချိုးညီတိုးပွားလာစေရေးနှင့် စာရင်းပညာ ပြန့်ပွားစေရေးတို့အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ခြင်းဖြင့် IPSAS စာရင်းစံများနှင့် စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများကို ရရှိစေမည်ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသော ဘဏ္ဍာရေးအစီရင်ခံစာများကို ရေးဆွဲရာတွင် အကူအညီပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ကောင်းမွန်သည့် ဘဏ္ဍာ‌ရေးစီမံခန့်ခွဲမှု ဖြစ်ပေါ်စေမှုတွင် များစွာအကျိုးရရှိစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်နေကြသည့် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် သင်ကြားပို့ချမှုများအပြင် စာရင်းစံဆိုင်ရာ တိုးတက်ပြောင်းလဲမှုများကိုလည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ယခုသင်တန်းအောင်မြင်ပြီး ဆက်လက်၍လည်း အပိုင်း(၂)၊ အပိုင်း(၃) သင်တန်းသို့ တက်ရောက်ပြီး ဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိရေး ဆက်လက်ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား (၃) ဦး၊ ဝန်ကြီးဌာန၊ အဖွဲ့ အစည်း (၁၃) ခု မှ သင်တန်းသား (၂၈) ဦး စုစုပေါင်းသင်တန်းသား (၃၁) ဦး တက်ရောက်ပြီးမြောက်ခဲ့ပြီး အပိုင်း (၃) အထိ အောင်မြင်ပြီးမြောက်သူများအား ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယ ဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဉီး၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ သင်တန်းကထိကနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။