နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ


Ministry of Information/ Naypyitaw / March 22, 2023
image_latest


နေပြည်တော်  မတ် ၂၂

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော အမျိုးသား အကျိုး စီးပွားတိုးတက်ရေးပါတီ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ (Inn National League Party)၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [National Democratic Force Party (NDF)] တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့ လာရောက် လျှောက်ထားခဲ့သည်။

ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၇ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော  ပါတီ ၃၁ ပါတီဖြစ်၍ စုစုပေါင်း ၃၈ ပါတီ ဖြစ်သည်။ ယင်း ၃၈ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၉ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၂၉ ပါတီဖြစ်ပြီး၊ အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။