နိုင်ငံလူမှုစီးပွားမြင့်မားတိုးတက်ရေး MSME လုပ်ငန်းများအား ပေးမြှင့်တင်
နိုင်ငံလူမှုစီးပွားမြင့်မားတိုးတက်ရေး MSME လုပ်ငန်းများအား ပေးမြှင့်တင်
Ministry of Information/ Naypyitaw / November 26, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၃ ရက်က စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်ပွဲအခမ်းအနားတွင် “ဖွံ့ဖြိုးပြီးနိုင်ငံများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး စီးပွားရေးတိုးတက်အောင် စွမ်းဆောင်ခဲ့ရာမှ စက်မှုနိုင်ငံအထိ တည်ထောင်နိုင်ကြခြင်းဖြစ်ကြောင်း၊ အလားတူ ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး စားရေရိက္ခာဖူလုံအောင်၊ ပိုလျှံအောင် လုပ်ဆောင်နိုင်ရန်နှင့် ကုန်ထုတ်လုပ်ငန်းများကို တိုးမြှင့်ပြီး MSME လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတော်ကို ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်နေကြကြောင်း” ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံ၏ အခြေခံစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှတစ်ဆင့် ထုတ်ကုန်များ မြင့်မားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပြီး MSME လုပ်ငန်းများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတော်အကြီးအကဲက နိုင်ငံတကာနှင့်နှိုင်းယှဉ်၍ ရည်ညွှန်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ရေမြေသဘာဝအရင်းအမြစ်များ ကြွယ်ဝမှုနှင့် ရာသီဥတုသင့်တင့်ကောင်းမွန်မှုကို အရင်းပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမို ခေတ်မီတိုးတက်လာစေရန်နှင့် နိုင်ငံ၏အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာ၌ အထောက်အပံ့ကောင်းများဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို အလေးအနက်ထားပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှတစ်ဆင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတော်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုးနှင့်ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) ၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ပါဝင်နေသည်။ နိုင်ငံ့လူဦးရေ၏ ၄၆ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည့် လုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ကျေးလက်နေပြည်သူများဖြစ်ကြသည်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးတက်မှသာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် MSME လုပ်ငန်းများကို မြှင့်တင်အားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ဆောင်ရွက်ခြင်းသည် တိုးပွားလာမည့် လူဦးရေအတွက် စားရေရိက္ခာလိုအပ်ချက် ဖြည့်ဆည်းပေးရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်တန်ဖိုးမြှင့်တင်ရေး စသည့်ရည်မှန်းချက်များ ပြည့်မီစေမည်ဖြစ်သည်။
နိုင်ငံ့စီးပွားတိုးတက်စေရေးတွင် ကုန်ထုတ်လုပ်မှုတိုးတက်ရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုသည် ကုန်ထုတ်လုပ်ငန်းများအပေါ်တွင် များစွာတည်မှီသည်။ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့်ဆောင်ပုဒ်ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်ကို ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံး တက်ညီလက်ညီ ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများနှင့် အငယ်စား၊ အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် အရေးပါသည့် လိုအပ်ချက်ဖြစ်သည်။ “စက်မှုစွမ်းအား ခေတ်ကျော်လွှား” ဆောင်ပုဒ်အတိုင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်နိုင်မည်ဖြစ်သည်။
စက်မှုလုပ်ငန်းများမှတစ်ဆင့် ပြည်တွင်း၌ လိုအပ်သည့်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များ လျှော့ချလာနိုင်သည်။ နိုင်ငံခြားငွေသုံးစွဲမှုများ လျှော့ချလာနိုင်သဖြင့် နိုင်ငံခြားငွေယိုစီးမှု လျော့နည်းသက်သာလာမည်ဖြစ်သည့်အတွက် တိုင်းပြည်စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု မည်ဖြစ်သည်။ စက်မှုကဏ္ဍတိုးတက်စေရန်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကို ခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ အခွန်အခနှင့် လုပ်ငန်းလိုင်စင်ဆိုင်ရာမူဝါဒများကို ရိုးရှင်းအောင်ဆောင်ရွက်ပြီး စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့်ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံများ၊ အထူးစက်မှုဇုန်များ တည်ဆောက်ပေးထားပြီးဖြစ်သည်။
ယနေ့ကာလတွင် MSME လုပ်ငန်းများကို ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် စီးပွားရေးပတ်ဝန်းကျင်တွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်စနစ်ဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းရည် တိုးတက်လာစေရန် နိုင်ငံတော်အစိုးရအနေဖြင့် ဖန်တီးဖော်ဆောင်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲအနေဖြင့် ကုန်ထုတ်လုပ်မှုတွင် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံစေရေးလမ်းညွှန်မှာကြားထားပြီးသားဖြစ်သည့်အတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရ၊ လုပ်ငန်းရှင်နှင့် ပြည်သူအားလုံး လက်တွဲညီညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
