နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားနှင့်ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားနှင့်ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 26, 2022


ဘားအံ -  ဩဂုတ် (၂၆)

       ဗီယက်နမ်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သော (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပီတန်း အားကစားနည်း၌ တတိယဆုရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားနှင့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီးဂျူဒိုပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သော အုပ်ချုပ်သူ၊ နည်းပြအဖွဲ့နှင့် အားကစားသမားများအား ဂုဏ်ပြု ချီးမြှင့်သည့်အခမ်းအနားကို ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပသည်။

      ဂုဏ်ပြုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အားကစားကဏ္ဍအတွက် မင်္ဂလာရှိ သည့်အခမ်းအနားဖြစ်သောကြောင့် လွန်စွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပီတန်းအားကစားနည်း၌ တတိယကြေးတံဆိပ်ဆုကို ရရှိခဲ့သည့် နန်းကံကော်သန့်ဇင်သည် ကရင်ပြည်နယ်သူတစ်ဦးအနေဖြင့် နိုင်ငံတော်၏ဂုဏ်ကိုမြှင့်တင်ပေးနိုင်ခဲ့သည့်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ကရင်ပြည်နယ်ဂျူဒိုအသင်းအနေဖြင့်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲတွင် အားကစားသမား(၉)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ပေါင်း(၅)ခု ရရှိခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ နောက်နောင်တွင်လည်း အားကစားနည်းပေါင်းစုံမှနေ၍ ကရင်ပြည်နယ်ကိုယ်စားပြုပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သည့် အားကစားသမားကောင်းများစွာပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းလို ကြောင်း၊ နိုင်ငံဂုဏ်ကိုဆောင်နိုင်ခဲ့သော မြန်မာ့လက်ရွေးစင်ပီတန်းအားကစားသမားနှင့် ပြည်နယ်၏ဂုဏ်ကိုမြှင့်တင် ကြိုးပမ်း အားထုတ်ခဲ့ကြသော ဂျူဒိုအားကစားမောင်မယ်တို့အား ကရင်ပြည်နယ်သူ၊ ပြည်နယ်သားအားလုံး၏ ကိုယ်စား ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဂုဏ်ပြုအားပေးစကားပြောကြားသည်။

         ထို့နောက် ၂၀၂၂ ခုနှစ်(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ဆုရရှိခဲ့သော အားကစား သမားနှင့် ကရင်ပြည်နယ်ဂျူဒိုအသင်း အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပီတန်းအားကစားနည်း၌ တတိယဆုရရှိခဲ့သော နန်းကံ့ကော်သန့်ဇင်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော နန်းချောစုပိုတို့အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းက ဂျူဒိုပြိုင်ပွဲ(-၄၈) ကီလိုတန်း၌ ငွေတံဆိပ်ရရှိသော နော်သက်ထားပျိုအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ဂျူဒိုပြိုင်ပွဲ(-၄၅)ကီလိုတန်း၌ ကြေးတံဆိပ်ဆုရရှိသော နန်းစန္ဒာစိုးအားလည်းကောင်း၊ စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်က (-၆၃)ကီလိုတန်း၌ ကြေးတံဆိပ်ဆုရရှိသော နန်းမိုးပွင့်ဖြူအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက (-၆၀)ကီလိုတန်း၌ ကြေးတံဆိပ်ဆုရရှိသော မောင်ထက်ကိုဝင်းအားလည်း ကောင်း၊ လူမှုရေးဝန်ကြီးဦးစိုးလွင်က ကရင်ပြည်နယ်ဂျူဒိုအသင်း အုပ်ချုပ်သူ/နည်းပြများကိုလည်းကောင်း ဂုဏ်ပြု ဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။

      ယင်းနောက် ကရင်ပြည်နယ်ဂျူဒိုအသင်းအုပ်ချုပ်သူ ဘားအံမြို့နယ်အားကစားမှူးနော်ဩလျဖောက ကျေးဇူး တင်စကားပြန်လည်ပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များက အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။