နိုင်ငံ့ရေရှည်အကျိုးတိုးပွားရေး အရည်အသွေးပြည့်မီသော အင်ဂျင်နီယာ/နည်းပညာရှင်ကောင်းများ မွေးထုတ်ရင်း သုတေသနများမြှင့်တင်ဆောင်ရွက်

နိုင်ငံ့ရေရှည်အကျိုးတိုးပွားရေး အရည်အသွေးပြည့်မီသော အင်ဂျင်နီယာ/နည်းပညာရှင်ကောင်းများ မွေးထုတ်ရင်း သုတေသနများမြှင့်တင်ဆောင်ရွက်


Ministry of Information/ Naypyitaw / April 03, 2024
image_latest


နေပြည်တော် ဧပြီ ၂

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ပုသိမ်)ရှိ ကွန်ပျူတာစာမေးပွဲခန်း၌ IT ဌာနမှ ကျောင်းသား ကျောင်းသူများ Programming ဘာသာရပ်ကို စိတ်ပါဝင်စားစွာဖြေဆိုနေမှု၊ ရေးဖြေစာမေးပွဲခန်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးကာ ကျောင်းသားကျောင်းသူများ စိတ်ရွှင်လန်းချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး လိုအပ်သည်များပံ့ပိုးပေးနိုင်ရေးနှင့် စာမေးပွဲစည်းကမ်းများအတိုင်း အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးဆောင်ရွက်ရန်၊ ယင်းနောက်ပိုင်း၌ Academic Calendar အတိုင်း ဆက်လက်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာရူပဗေဒဌာနနှင့် အင်ဂျင်နီယာဓာတုဗေဒဌာနများရှိ လက်တွေ့ခန်းများတွင် သင်ထောက်ကူပစ္စည်းသစ်များ ထပ်မံဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

လေ့ကျင့်သင်ကြား

ယင်းနောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနရှိ Electrotechnology နှင့် အခြားလက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများအား အခြေခံသီအိုရီမှသည် လက်တွေ့ခန်းအတွင်း သုတေသနပြုစမ်းသပ်မှုမှတစ်ဆင့် ပြင်ပလုပ်ငန်းခွင်ရှိ ပကတိအခြေအနေတို့ကိုပါ ထင်ဟပ်ချိတ်ဆက်ကာ လေ့ကျင့်သင်ကြားပေးရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်မှုအင်ဂျင်နီယာဌာနတွင် သုတေသနဆောင်ရွက်လျက်ရှိသော ကောက်စိုက်စက် (Paddy Transplanter) ကို ကြည့်ရှုစစ်ဆေးပြီးသမားရိုးကျ ICE ယာဉ်အစား လျှပ်စစ်သုံးယာဉ် (EV) အဖြစ် ပြောင်းလဲဆောင်ရွက်ရန်၊ လုပ်ငန်းခွင်တွင် စမ်းသပ်သုံးစွဲရန်နှင့် လိုအပ်သည်များကိုမှာကြားပြီး အဆောင် (၁) အနီး တပ်ဆင်ထားသော ၂၀ ကီလိုဝပ် ဆိုလာဟိုက်ဘရစ်စနစ်၊ မီးဘေးအန္တရာယ်ကာကွယ်ရေး စီမံချက်အတိုင်း ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် တက္ကသိုလ်ဝင်းသန့်ရှင်း သာယာလှပရေးဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ် (ပုသိမ်) သို့ရောက်ရှိကာ Internship ဆင်းရန် ပြင်ဆင်လျက်ရှိသော ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် အမှန်တကယ်အားထားရသော IT နည်းပညာရှင်ကောင်းများအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းရတနာများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၊ နည်းပညာတက္ကသိုလ်(ပုသိမ်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာနိုင်ငံ့ရေရှည် အကျိုးတိုးပွားစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်မည့် အရည်အသွေးပြည့်မီသော အင်ဂျင်နီယာများ၊ နည်းပညာရှင်များကို စဉ်ဆက်မပြတ်မွေးထုတ်နိုင်ရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

ထို့နောက် တာဝန်ရှိသူများ၏ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကာ တက္ကသိုလ်ဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်

HOT NEWS
January 4,