နေပြည်တော်ကောင်စီ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အခွန်အခကောက်ခံရရှိသည့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / July 26, 2024
image_latest


နေပြည်တော် ဇူလိုင် ၂၅

နေပြည်တော်ကောင်စီ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အခွန်အခကောက်ခံရရှိသည့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်း၌ ကျင်းပသည်။

အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အခွန်တိမ်းရှောင်သူများ မရှိစေရေး၊ အခွန်စည်းကြပ် ကောက်ခံနိုင်ရေးတို့ကို ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အခွန်ထမ်းသစ်တိုးချဲ့ဖော်ထုတ်ခြင်း၊ အခွန်လွတ်ကင်းမှုများ ဖြစ်ပေါ်နေသည့် နယ်ပယ်များကို ရှာဖွေဖော်ထုတ်ခြင်း၊ အခွန်ကောက်ခံသည့်ဌာနများကို လစဉ်တိုးတက်မှုရှိစေရေး၊ ပြေစာအခွန်အမှတ်တံဆိပ်ကပ်နှိပ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံနေသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပြေစာအခွန်အမှတ်တံဆိပ်မှန်မှန်ကန်ကန် ကပ်နှိပ်စေရေး စိစစ်ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အခွန်အရပ်ရပ် လျာထားချက်များ ပြည့်မီရေး၊ အခွန်ပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်မှု၊ အခွန်ထမ်းသစ်ဖော်ထုတ်နိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်