နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ငလျင်ဒဏ်သင့်ပြုပြင်ထိန်းသိမ်းမှုများ စစ်ဆေး၊ ဓာတ်လှေကားနှစ်စင်း အသစ်လှူဒါန်းပွဲနှင့် ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံကျောင်းတိုက်အတွင်းရှိ ဘိုးမင်းချမ်းသာစေတီတော်ပြန်လည်ပြုပြင်ရန် အလှူငွေပေးအပ်လှူဒါန်းပွဲကျင်းပ
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ငလျင်ဒဏ်သင့်ပြုပြင်ထိန်းသိမ်းမှုများ စစ်ဆေး၊ ဓာတ်လှေကားနှစ်စင်း အသစ်လှူဒါန်းပွဲနှင့် ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံကျောင်းတိုက်အတွင်းရှိ ဘိုးမင်းချမ်းသာစေတီတော်ပြန်လည်ပြုပြင်ရန် အလှူငွေပေးအပ်လှူဒါန်းပွဲကျင်းပ
Ministry of Information/ Naypyitaw / February 05, 2026
နေပြည်တော် ဖေဖော်ဝါရီ ၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် (၁) ဦးထွန်းထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်သို့ ရောက်ရှိပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရင်ပြင်တော်ကြံ့ခိုင်ရေးလုပ်ငန်းများ၊ မြေထိန်းနံရံကြံ့ခိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ကြည့်ရှုစစ်ဆေးစဉ် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများနှင့် ပတ်သက်၍ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် (၁) ဦးထွန်းထွန်းက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး စေတီတော်လိုဏ်အတွင်း၌ ကျင်းပသော ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်လှေကားနှစ်စင်းအသစ်တပ်ဆင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်များက စေတီတော်လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်းရေချမ်းဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ စီစဉ်မှုဖြင့် Aeon Co.,Ltd. (Japan) မှ အသင်းသား အသင်းသူများ၊ အလှူရှင်များကိုယ်စား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဦးဆန်းလင်းက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဓာတ်လှေကားနှစ်စင်းအသစ်တပ်ဆင်ရန်အတွက် အလှူငွေလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အလှူရှင်များကိုယ်စား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဦးဆန်းလင်း၊ ဦးတင်ကိုကိုနှင့် ဦးအောင်ကြည်စိုးတို့က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဓာတ်လှေကားနှစ်စင်း အသစ်တပ်ဆင်ရန်အတွက် အလှူငွေလှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ အလှည့်ကျသဘာပတိဦးထွန်းကြည်တို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘိုးမင်းချမ်းသာစေတီတော် ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ ကျင်းပသော ဘိုးမင်းချမ်းသာ စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။
ဆက်ကပ်လှူဒါန်း
ဦးစွာ မဟာဝိဇိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိဿရထံ ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ စီစဉ်မှုဖြင့် ဂျပန်နိုင်ငံအခြေစိုက် Aeon Co.,Ltd. မှ အလှူရှင်များ ကိုယ်စား အလှူရှင် ဦးဆန်းလင်းက လှူဒါန်းမှုများနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားပြီး အလှူရှင်များကိုယ်စား အလှူရှင် ဦးဆန်းလင်း၊ ဦးတင်ကိုကိုနှင့် ဦးအောင်ကြည်စိုးတို့က မဟာဝိဇိတာရုံကျောင်းတိုက်အတွင်းရှိ ဘိုးမင်းချမ်းသာဘုရား ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေလှူဒါန်းရာ သာသနာရေးဦးစီးဌာန နေပြည်တော်သာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်တို့က အလှူငွေများ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ မဟာဝိဇိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဉာဏိဿရက ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
