နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / August 19, 2025
image_latest


နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

မန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက ကယားပြည်နယ် နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် ဒေသအလိုက်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ‌ရွှေဘိုမြို့တွင် ၄.၇၆ လက်မ၊ ကျိုက်လတ်မြို့တွင် ၃.၆၀ လက်မ၊ ရေဦးမြို့တွင် ၃.၃၉ လက်မ၊ ပြင်ဦးလွင်(ဇီးပင်ကြီး)တွင် ၂.၁၃ လက်မ၊ သထုံမြို့တွင် ၂.၀၅ လက်မ၊ ရန်ကုန်(မင်္ဂလာဒုံမြို့နယ်)တွင် ၁.၈၅ လက်မ၊ သာပေါင်းမြို့တွင် ၁.၇၂ လက်မ၊ ကျိုက်မရောမြို့တွင် ၁.၅၄ လက်မ၊ ချောင်းဆုံမြို့နှင့် နောင်ချို မြို့တို့တွင် ၁.၅၀ လက်မစီနှင့် ရွာငံမြို့တွင် ၁.၄၆ လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း-ဩရိဿပြည်နယ်တောင်ပိုင်း)ကမ်းခြေတို့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ် (Depression)သည် မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေကို ဂိုလ်ပါပူမြို့(Gopalpur)အနီးမှ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် ချက်တစ်ဂတ်ပြည်နယ် တောင်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက် ကယားပြည်နယ်တွင် နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်း လျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။

နောက် ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။        နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။              

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်           မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်             နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။