နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်


Ministry of Transport and Communications/ Naypyitaw / September 13, 2025
image_latest


 နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ ည :၀၀ နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း-ဩရိဿပြည်နယ်‌တောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂ ရက်အတွင်း ဩရိဿပြည်နယ်‌တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ချက်တစ်ဂတ်ပြည်နယ်တောင်ပိုင်းတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့် အတင့် ရှိနေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။         မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်                         မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်                          နေရာကွက်ကျား မိုးထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။