နွားထိုးကြီးနှင့် ထန်းတပင်မြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ နှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်
နွားထိုးကြီးနှင့် ထန်းတပင်မြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ နှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်
Ministry of Home Affairs/ နေပြည်တော် / June 10, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စု ဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် မန္တလေး တိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကုက္ကိုလ်ဇီးကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့် အကွာရှိ ယာခင်းအတွင်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းနိုင် (ခ) ဦးချစ်ပို (၄၁)နှစ် (ဘ)ဦးဝင်းရွှေ(ခ)ဦးရွှေမန်းသည် အခင်းဖြစ်နေရာရှိ ၎င်းပိုင် ယာခင်းအတွင်း ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဦးထွန်းနိုင်(ခ)ဦးချစ်ပိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ည ၆ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီး ကျေးရွာ၊ အေးမေတ္တာလမ်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ မူကြိုဆရာမဖြစ်သူ မသဲမာလာဝင်း (၄၂)နှစ် (ဘ)ဦးရွှေနိုင်နှင့် မူကြိုဆရာမအကူဖြစ်သူ မဆောင်းသဇင်ဦး (၂၄)နှစ် (ဘ) ဦးမောင်ဦးတို့ ၂ ဦးသည် ၎င်းတို့၏ နေအိမ်အသီးသီး၌ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ၄ ဦး (စိစစ်ဆဲ)က အငှားကားယာဉ်အဖြူရောင်ဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် မသဲမာလာဝင်းနှင့် မဆောင်းသဇင်ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန် ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
