နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / November 08, 2025


ဘားအံ နိုဝင်ဘာ ၈

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်၏ကောင်းကျိုးများကို အားသွန်ခွန်စိုက်ကြိုးစားလုပ်ကိုင် ဆောင်ရွက်ပေးကြသည့်အတွက် ယခုဆိုလျှင်ထိုက်သင့်သည့်အောင်မြင်မှုရှိနေပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန်အလား အလာကောင်းများရှိသည့် ပြည်နယ်တစ်ခုဖြစ်လာပြီဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးက နိုးကြားတက်ကြွစွာဖြင့် ပြည်နယ်အကျိုးကိုဆက်လက်သယ်ပိုးဆောင်ရွက်သွားကြရန်၊ ပြည်နယ်ဂုဏ်ဆောင်နိုင်သည့် ထူးချွန်ဆုရရှိကြသူများအနေဖြင့်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ထူးချွန်သူများကိုအားကျအတုယူ ပြီး ပြည်နယ်ဂုဏ်ဆောင်နိုင်သည့်မျိုးဆက်သစ်များဆက်လက်ပေါ်ပေါက်လာစေကြောင်း ဆန္ဒပြုပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံ့ဂုဏ်ဆောင်နိုင်သူများ၊ ပြည်နယ်ဂုဏ်ဆောင်နိုင်သူများအတွက် ဂုဏ်ပြုဆု၊ ပြည်နယ်အတွင်းလုပ်ငန်းရှင်များအတွက် ကုန်သွယ်လုပ်ငန်းခွန်အများဆုံးထမ်းဆောင်သည့်ဆု၊ ဝင်ငွေခွန်အများဆုံးထမ်းဆောင်သည့်ဆု၊ အထူးကုန်စည်ခွန်အများ ဆုံးထမ်းဆောင်သည့်ဆု၊ ပြည်နယ်ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် နိုင်ငံတော်အဆင့် ဆောင်းပါးများ၊ စာစီစာကုံးများတွင်ထူးချွန် ဆုရရှိသူများကိုချီးမြှင့်သည့်ဆု၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်အောင်ချက်ကောင်းသောကျောင်းနှင့်မြို့နယ်၊ အမှတ်အများဆုံးရရှိသည့်ကျောင်းသား/ကျောင်းသူများဂုဏ်ပြုချီးမြှင့်သည့်ဆု၊ ဌာနဆိုင်ရာများမှ သက်ဆိုင်ရာသင်တန်း များတွင် ထူးချွန်ဝန်ထမ်းများအားချီးမြှင့်သည့်ဆု၊ စိုက်ပျိုးရေးတောင်သူထူးချွန်ဆု၊ မွေးမြူရေးတောင်သူထူးချွန်ဆု၊ အားကစားထူးချွန်ဆု၊ ကြက်ခြေနီထူးချွန်ဆု၊ နိုင်ငံတော်မှကြီးမှူးကျင်းပသည့်(၂၆)ကြိမ်မြောက် အဆို၊အက၊အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်သည့်ဆု၊ ပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် စက်မှုလက်မှုပြခန်းများအသိပညာပေးပြခန်းများတွင် အကောင်းဆုံးဆောင်ရွက်ခဲ့သည့်ပြခန်းဆု အစရှိသည့် ဆုပေါင်း ၁၅၇ ဆုကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထူးချွန်ဆုရရှိကြသူများနှင့်ကျောင်းသား၊ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။

HOT NEWS
January 4,