နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ဆရာဝန်အိမ်ရာတစ်လုံးမင်္ဂလာပန္နက်တင်
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ဆရာဝန်အိမ်ရာတစ်လုံးမင်္ဂလာပန္နက်တင်
Ministry of Information/ Naypyitaw / November 06, 2025
ဘားအံ နိုဝင်ဘာ ၅
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏ လေးခန်းတွဲ၊ လေးထပ်ဆရာဝန်အိမ်ရာတစ်လုံးတည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင်မင်္ဂလာကို ယနေ့နံနက်ပိုင်းက အဆိုပါအဆောက်အအုံ တည်ဆောက်မည့်နေရာ၌ ကျင်းပသည်။
အဆိုပါအိမ်ရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)က တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများက ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာကြသော ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သတ်မှတ်နေရာများတွင်နေရာယူကြပြီး မင်္ဂလာအချိန်တွင် ရတနာပန္နက်များကိုစိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ကန်သာယာရေပြင်အတွင်းငါးမျိုးစိုက်ထည့်သည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇွဲကပင်ခန်းမရှေ့ရှိ Steel Structure Decking ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများက ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော ငါးခုံးမကြီးကောင်ရေငါးသောင်း၊ ငါးမြစ်ချင်းကောင်ရေငါးသောင်းကို ကန်သာယာသဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ပေးကြသည်။
ထို့နောက် နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲကို ဘားအံမြို့ကန်သာယာရေပြင်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ကျေးရွာအုပ်စုများမှ (၂၀)တက်လှော်အမျိုးသား ၁၀ သင်း၊ အမျိုးသမီး ရှစ်သင်း၊ (၇) တက် လှော်အမျိုးသား ၁၅ သင်း၊ အမျိုးသမီး ၁၂ သင်း၊ (၅)တက်လှော်အမျိုးသား ၁၅ သင်း၊ အမျိုးသမီး ၁၂ သင်း ဝင်ရောက်ပြိုင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်ရိုးရာလှေလှော် အသင်းများအား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ရိုးရာလှေလှော်ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး(၅)တက်လှော်ပြိုင်ပွဲ၊ (၇)တက်လှော်ပြိုင်ပွဲနှင့် (၂၀)တက်လှော်ပြိုင်ပွဲအုပ်စုပွဲစဉ်များကိုစတင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရဗိုလ်စွဲသောလှေလှော်အသင်းများကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော တန်ဆောင်တိုင်ပွဲတော်နိဗ္ဗာန်ဈေး၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၊ မီးပုံးအလှထွန်းညှိခြင်းတို့ကို တန်ဆောင်မုန်းလပြည့်သာမညဖလအခါတော် နေ့ ညနေပိုင်းက ဘားအံမြို့ အမှတ်(၁) ရပ်ကွက် ကျော်ဇေယျလမ်းနှင့်မာန်းနဲစန်လမ်းတို့တွင် ဆင်ယင်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှပါဝင်ဆင်နွှဲကြသူများဖြင့် ကြက်ပျံမကျစည်ကားခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ကရင်ပြည်နယ်တန်ဆောင်တိုင်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့အမှတ်(၁)ရပ်ကွက် ကျော်ဇေယျလမ်းနှင့် မာန်းနဲစန်လမ်းတို့တွင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ကုမ္ပဏီများ၊ ရပ်ကွက်/ကျေးရွာများမှ ပုဂ္ဂလိကအလှူရှင်များ၏ စတုဒိသာမဏ္ဍပ် ၅၉ ခု၌ စုပေါင်းကုသိုလ်ပြုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ဘားအံမြို့ မာန်းနဲစန်လမ်း၊ ကျော်ဇေယျလမ်းနှင့် ရန်မျိုးအောင်လမ်းဆုံမီးပုံးပျံကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မင်္ဂလာရွှေမောင်းသုံးချက်တီးခတ်၍ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကိုဖွင့်လှစ်ပေးပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပြည်သူများက မီးပုံးပျံ(အသေး) အလုံး ၁၀၀ တို့ကို လွှတ်တင်ပူဇော်ကြသည်။ တန်ဆောင်တိုင်မီးထွန်းပွဲတော်အနေဖြင့် ကန်သာယာပတ်လမ်းနှင့်ဦးပေါက်လမ်းတစ်လျှောက်တို့တွင် မီးအိမ် ၇၅၀ အလှဆင်ထွန်းညှိပူဇော်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါလမ်းတစ်လျှောက် ကြည့်ရှုအားပေးခဲ့ကြသည်။
သာမညဖလအခါတော်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြတ်ဗုဒ္ဓအားရည်မှန်း၍ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ နိဗ္ဗာန်ဈေးစတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း၊ မီးပုံးအလှများထွန်းညှိပူဇော်ခြင်းတို့တွင် အနယ်နယ်အရပ်ရပ်မှပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားများပြားသကဲ့သို့ကျောင်းကန်ဘုရားများတွင် ဥပုသ်သီတင်းသီလခံယူဆောက်တည်ကြသူများ၊ ဘုရားဖူးလာရောက်ကြသူများ၊ အများပြည်သူဆိုင်ရာနေရာများ၊ ခရီးစဉ်ဒေသများနှင့် အထင်ကရနေရာများတွင် အနားယူအပန်းဖြေ ကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
