ပညာပြည့်၀ နှလုံးလှကြစေရာ
ပညာပြည့်၀ နှလုံးလှကြစေရာ
Ministry of Information/ Naypyitaw / January 29, 2022
လူငယ်များသည် နိုင်ငံ၏ အနာဂတ်ကို ဖန်တီးကြမည့်သူများ ဖြစ်သည်။ ယနေ့လူငယ်များကို အရည်အချင်းမြင့်မားစေရန်၊ အများအကျိုးသယ်ပိုးလိုသည့်စိတ်ထားရှိရန်၊ စည်းကမ်းကောင်းမွန်၍ တာဝန်ကျေပွန် သည့် စရိုက်လက္ခဏာကောင်းများ ပြည့်ဝရန် ပြုစု ပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံ၏အနာဂတ်ကို လူငယ်တို့၏ လက်တွင်း သို့ စိတ်ချလက်ချ အပ်နှံနိုင်ရမည်ဖြစ်သည်။ လူငယ်တစ်ဦးချင်းစီ၏ အရည်အချင်း၊ အရည်အသွေး၊ စိတ်ဓာတ်ကို မြင့်မားနိုင်လျှင် မြင့်မား နိုင်သလောက် အနာဂတ်နိုင်ငံတော်သည်လည်း မြင့်မားလာမည်သာ ဖြစ်သည်။
လူငယ်ဘဝကို ပုံဖော်ရာတွင် မိသားစုများက အရင်းခံအကျဆုံး ဖြစ်သည်။ လူငယ်တစ်ဦး၏ စရိုက်လက္ခဏာ များတွင် မိသားစု၏ အလေ့အထများစွာတို့ လွှမ်းမိုးပါဝင်နေလေ့ရှိသည်။ လက်ဦးဆရာ များဟု ဆိုအပ်သည့် အမိနှင့်အဖတို့၏ အပြု အမူ၊ အကျင့်အကြံ၊ အနေအထိုင်များ၊ ဟန်ပန်စရိုက်လက္ခဏာများ၊ ဆုံးမသွန်သင်မှုများ ကသားသမီးများကို ပုံသွင်းနေခြင်းပင်ဖြစ်သည်။ ပညာသင်ကြားသည့် အရွယ်သို့ရောက်သည့်အခါ ကျောင်းသင်ပညာရေး ကလူငယ်တို့ကို ဆက်လက်၍ ထုဆစ်ပုံဖော်ပေးသည်။ ယင်းကာလတွင် ကျောင်းသူ ကျောင်းသား၊ မိဘနှင့်ဆရာတို့ သုံးဦး သုံးဖလှယ် ပူးပေါင်းဆောင်ရွက် မှုကို အားကောင်းဖို့လိုသည်။ အခြေခံပညာအဆင့်မှသည် တက္ကသိုလ် တွင် အဆင့်မြင့်ပညာရေးအဆင့်အထိ သွားရသည့် ပညာရေးခရီး တစ်လျှောက်တွင် ကလေးအရွယ်နှင့် လူငယ်အရွယ် ကာလတို့ကို ဖြတ်သန်းသွားကြရခြင်းဖြစ်သည်။ ထိုအရွယ်လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပညာသင်ကာလအတွင်း အစွမ်းကုန်မြှင့်တင်ပေးကြရမှာလည်း ဖြစ်သည်။
မိမိကိုယ်တိုင်အတွက်၊ မိမိ၏မိသားစုအတွက်၊ မိမိ၏ ပတ်ဝန်း ကျင်အတွက်၊ မိမိ၏လူမျိုး မိမိနိုင်ငံအတွက်ဟူသော ရည်မှန်းချက်ဖြင့် မိမိကိုယ်ကို ကောင်းအောင်၊ ချွန်အောင်၊ မြင့်အောင်မြှင့်တင်ရာတွင် မိမိကိုယ်တိုင်က ပဓာနကျသည်။ ကလေးအရွယ်မှသည် လူငယ်အရွယ်အထိ ပညာသင်ကြားနေရသည့်ကာလ ဆယ်စုနှစ်တစ်ခု ကျော်ကျော်သည် ဘဝတစ်လျှောက်လုံးအတွက် အရေးကြီးဆုံးအချိန်အခါပင် ဖြစ်သည်။ အောင်မြင်မှုရရေး အတွက် ခိုင်မာစွဲမြဲသည့် သန္နိဋ္ဌာန်ကို ချမှတ်ကာ ဇွဲလုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်းကြရခြင်းသည် ရေဆန် ခရီး၊ အမြင့်သို့တက်ရသည့် ခရီးကဲ့သို့ပင် အားစိုက်ကြိုးပမ်းရမှုနှင့် ပင်ပန်းနွမ်းနယ်မှုတချို့နှင့်လည်း ကြုံရနိုင်သည်။ သို့တစေ လူငယ် တို့၏ကာယ၊ ဉာဏ၊ ခွန်အားတို့ကတက်လူများဖြစ်သည့်အလျောက် အခက်အခဲတို့ကို အောင်မြင်စွာကျော်လွှားနိုင်ကြသည်သာဖြစ်သည်။
လူငယ်များအဖို့ အောင်မြင်သောဘဝ တက်လှမ်းနိုင်ရေးတွင် အရေးပါသော အချက်တစ်ရပ်မှာ စာပေဖတ်ရှုလေ့ လာခြင်းဖြစ်သည်။ စာကို ကောင်းစွာဖတ်ရှုနိုင်သည့်အရွယ်မှစကာ မိမိစိတ်ဝင်စားသည့် စာပေမှအစပြု၍ စာပေဖက်ရှုမှုကို စွဲစွဲမြဲမြဲပြုလုပ်သင့်သည်။ ကလေး ဘဝတွင်ကာတွန်းများမှအစပြု၍ ဖက်ရှုကာ တစ်ဆင့်ထက် တစ်ဆင့် ကက်၍ ရသစာပေ၊ သုတစာပေများကို နေ့စဉ်ဖတ်ရှုသွားခြင်းအား ဖြင့် အသိဉာဏ်ပညာ မိုးကုပ်စက်ဝိုင်း ကို တစ်နေ့ထက်တစ်နေ့ ပိုမိုကျယ်ဝန်းအောင် ချဲ့ထွင်သွားကြရမှာဖြစ်သည်။ စာဖတ်ခြင်းက လောကတွင် သင်စရာ၊ သိစရာတို့ကို အချိန်တိုတိုအတွင်း သင်နိုင်၊ သိနိုင်သည့် အလွယ်ကူဆုံး နည်းလမ်းတစ်ခုပင်ဖြစ်သည်။ စာပေ လေ့လာဖတ်ရှုခြင်းဖြင့် ဘဝတွင် ထိပ်တန်းသို့ တက်လှမ်းနိုင်ခဲ့သူများ မြန်မာ့သမိုင်းတွင်ရော ကမ္ဘာ့ သမိုင်းတွင်ပါ ထင်ထင်ရှားရှားရှိသည်။ စာတစ်ကြောင်း၊ စာတစ်ပိုဒ်ကပင်လျှင်ဘဝတစ်သက်တာ ကို အကျိုးပြု သွားသည်များလည်းသာကများစွာရှိကြသည်။ လူငယ် တို့စာကောင်း၊ ပေမွန်များကို နှစ်နှစ်ခြိုက်ခြိုက်၊ စွဲစွဲမြဲမြဲ ဖက်ရှု လေ့လာခံစားကြခြင်းဖြင့် ပညာပြည့်၀ နှလုံးလှနိုင်ကြပါစေ ကြောင်း။
(မြန်မာ့အလင်းအယ်ဒီတာ့အာဘော်)