ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသည့်ဌာနဖြစ်၍ ပညာရေးဝန်ထမ်းမိသားစုများအားလုံး လက်တွဲညီညီဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည်


Ministry of Information/ Naypyitaw / May 29, 2024
image_latest


နေပြည်တော် မေ ၂၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်းမှတွေ့ဆုံသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသည့်ဌာနဖြစ်၍ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် အခြေခံပညာကျောင်းများမှ ဆရာဆရာမများ၊ ပညာရေးဝန်ထမ်းမိသားစုများအားလုံး လက်တွဲညီညီဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းထဲရောက်ရှိစေရေး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အနည်းဆုံး အလယ်တန်းကျောင်းများအားလုံး ကျောင်းစာကြည့်တိုက်ထားရှိရန်နှင့် ကျောင်းစာကြည့်တိုက်တွင် စာဖတ်ချိန်ကို အချိန်ဇယားတွင် ထည့်သွင်းရေးဆွဲကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများအနေဖြင့် စာသင်ကျောင်းများနှင့် စာသင်ခန်းများအထိအရောက်သွား၍ ကျောင်းသား ကျောင်းသူများ ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဘာသာရပ်သင်ကြားရုံမျှသာမဟုတ်ဘဲ ကျောင်းသားလူငယ်များကို ယဉ်ကျေးလိမ္မာအောင်၊ အကျင့်စာရိတ္တကောင်းမွန်အောင်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိအောင်၊ မိမိယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်တတ်အောင် သွန်သင်ဆုံးမပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

တိုက်တွန်းပြောကြား

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပုဂ္ဂလိကကျောင်းများကို ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်အရ ထပ်မံစိစစ်၍ ကျောင်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိက ဆရာအတတ်ပညာသင်တန်း တက်ရောက်ပြီးသူများအား ဘွဲ့လက်မှတ်မှန်ကန်မှု၊ ပြစ်မှုကင်းရှင်းမှု ထပ်မံစိစစ်၍ ပုဂ္ဂလိက ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသင်ယူမှု နည်းစနစ်များကို မွမ်းမံမြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံပညာရေး အဆင့်အတန်းမြှင့်တင်ရေးတွင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အခြေခံပညာကျောင်းများတွင် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းများ ပေးပို့ရန်အတွက် မှာကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်တို့တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်