ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲပြုလုပ်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲပြုလုပ်
Ministry of Information/ Naypyitaw / January 09, 2026
နေပြည်တော် ဇန်နဝါရီ ၉
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့၊ အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့တို့ရှိ မဲရုံများအားလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်ရှိ မဲရုံများအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော်ကျေးရွာ၊ ပရည်ကျွန်းကျေးရွာ၊ ဒုံးညောင်မှိုင်းကျေးရွာနှင့် ဒုံးဆွေသန်းကျေးရွာတို့ရှိ မဲရုံများအားလည်းကောင်း တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများကသွားရောက်၍ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ ရောက်ရှိမှုနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်များအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲများကို အဆိုပါမြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမများ၌ပြုလုပ်ကြရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကိုဆွေးနွေးတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
