ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ


Ministry of Home Affairs/ နေပြည်တော် / January 24, 2026


     ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံး လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဆံမြိတ်ရှည်ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီး အမှတ်(၃)မဲရုံမှူး ဦးရဲလင်းဦး(၄၆)နှစ်သည် ကျောင်းဝင်းအတွင်းဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၃)၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ရင်နှင့်အတူ မဲပေးစက်များ ပျက်စီးမှုမရှိစေရေး လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ် အဆိုပါကျေးရွာနေ ကျော်မိုးဦး(၃၄)နှစ်မှာ အရက်သေစာသောက်စားမူးယစ်ကာ ရောက်ရှိလာပြီး မဲရုံမှူး ဦးရဲလင်းဦးအား ညစ်ညမ်းစွာဆဲဆိုခဲ့သဖြင့် ကျော်မိုးဦးအား ဇန်နဝါရီ ၁၅ ရက်တွင် သာစည်မြို့မရဲစခန်း (ပ)၁၇/၂၀၂၆၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း။

     အလားတူ ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်နေ ပြည်သူ့အလုပ်သမားပါတီမှ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်ကလျာကျော်(၃၅)နှစ်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်းနှင့် ရှင်ထွေးညိုလမ်းထောင့်၌ ပါတီမဲဆွယ်စည်းရုံးရေးအတွက် ဆိုင်းဘုတ်စိုက်ထူရန် ပြုလုပ်နေစဉ် အဆိုပါလမ်းဆုံအနီး အဖျော်ယမကာဆိုင်မှ မြတ်ကျော်သူ(၄၃)နှစ်နှင့် ၎င်း၏ဇနီး မိုးသပြေ(၄၁)နှစ်တို့မှ ဆိုင်းဘုတ်စိုက်ထူခြင်း မပြုလုပ်ရန် နည်းလမ်းမျိုးစုံဖြင့် လာရောက်တားမြစ်ပြီး မြတ်ကျော်သူမှ ညစ်ညမ်းသောအပြုအမူဖြင့် ပြုမူလုပ်ဆောင်ခဲ့သဖြင့် မြတ်ကျော်သူနှင့် မိုးသပြေတို့အား ဇန်နဝါရီ ၁၅ ရက်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ)၁၀/၂၀၂၆၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း။

     ထို့အတူ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ ညောင်ကုန်းကျေးရွာ ရွာလယ်လမ်းပေါ်၌ ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား အမျိုးသား နှစ်ဦးက မီးရှို့ဖျက်ဆီးနေကြောင်း သတင်းအရ ခရမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေး ဗီနိုင်းဆိုင်းဘုတ်မှာ မီးလောင်ပျက်စီးနေသည်ကို တွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါ ကျေးရွာနေ လှဌေးအောင်(ခ)ကိုဌေး(၄၇)နှစ်နှင့် ဖြိုးဇော်အောင်(ခ)ရွှေလိပ်(၂၈)နှစ်တို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့နှစ်ဦးအား ဇန်နဝါရီ ၁၇ ရက်တွင် ခရမ်းမြို့မရဲစခန်း (ပ)၅/၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း အမှုဖွင့်ဖမ်းဆီးပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။

    ထို့အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်နေ ထားထက်ထက်(၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “Htar Htet Htet” Facebook အကောင့်ဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ရေးသားထားသည့် စာသာများအား ရေးသားလွှင့်တင်ခဲ့သည်ကို စိစစ်တွေ့ရှိရသဖြင့် ထားထက်ထက်အား ဇန်နဝါရီ ၁၂ ရက်တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ)၉/၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း။

     အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ သိုက်ကျင်းမကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာစည်းရုံးရေးမှူး ဦးခင်မောင်ဝင်း (၅၂)နှစ်၏ ဦးလေးဖြစ်သူ ဦးမြင့်ဇော်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ ရဲဝင်းနိုင်(ခ) ရဲလေး(၄၆)နှစ် ရောက်ရှိလာပြီး ဦးခင်မောင်ဝင်းအား “ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းမပြုရန်နှင့် လုပ်ဆောင်ပါက PDF ကိုဆက်သွယ်ပြီး သတ်ခိုင်းမည်” ဟု ခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် ရဲဝင်းနိုင်(ခ)ရဲလေးအား ဇန်နဝါရီ ၁၄ ရက်တွင် ပေါက်ခေါင်းမြို့မရဲစခန်း (ပ)၄/၂၀၂၆၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄ (က)ဖြင့် လည်းကောင်း အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးနိုင်ရေးနှင့် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။