ပုဂံဒေသသို့ ဘုရားဖူးပြည်သူများ စဉ်ဆက်မပြတ်လာရောက်လျက်ရှိ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးမြို့တို့မှ လာရောက်သူ ပိုမိုများပြား


Ministry of Information/ Naypyitaw / July 26, 2024
image_latest


ရန်ကုန် ဇူလိုင် ၂၅

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးပြည်သူများ စဉ်ဆက်မပြတ် လာရောက်နေရာ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးမြို့တို့မှ လာရောက်သူပိုမိုများပြားကြောင်း ဒေသခံများထံ မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

“ဒီကာလမှာလည်း လာကြပါတယ်။ အခုကျွန်တော်တို့ကို ငှားတဲ့သူ ​တော်တော်များများက ရန်ကုန်ဘက်က များတယ်။ ရန်ကုန်၊ ပဲခူးဘက်တွေက လာကြတာများတယ်။ ဒီမှာ ဘုရားဖူးက ပြတ်လည်းပြတ်သွားတာတော့မရှိပါဘူး။ သွားလာနေကြတာပါပဲ။ ဒေသခံတွေကတော့ အပြင်သွားတာ နည်းတယ်။

နောက် မန္တလေးဘက်ကလည်း လာကြတာများတယ်။ တခြားမြို့တွေက လာကြတာများတယ်” ဟု ဘုရားဖူးများ၏ ခရီးသွားလာရေးနှင့် ပတ်သက်၍ လိုက်လံဆောင်ရွက်ပေးသူ ကိုသန့်ဇင်က ပြောသည်။

အခြားမြို့များသို့ ဆက်လက်လည်ပတ်

လက်ရှိကာလမှာ မိုးရာသီဆိုသော်လည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရာသီဥတုအပူအအေးမျှတနေကာ သာယာသောကြောင့် လာရောက်သူများခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းကသုံးသပ်သည်။ ယင်းအပြင် ပုဂံဒေသသို့ လာရောက်လည်ပတ်ဘုရားဖူးကြသည့် ခရီးသွားများမှာ ပုဂံဒေသမှတစ်ဆင့် အခြားမြို့များသို့ ဆက်လက်သွားရောက်လည်ပတ်မှုများလည်းရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ တချို့ကရန်ကုန်ကနေလာကြပြီး တချို့ကလည်း မန္တလေးကိုလည်ပတ်ဖို့ ဆက်ပြီးငှားကြတာတွေလည်းရှိတယ်။ နောက်ပြီး တချို့ခရီးသွားတွေကလည်း တောင်ကြီး၊ အင်းလေးဘက်ကို ဆက်ငှားပြီး သွားရောက်လည်ကြတာတွေလည်းရှိတယ်။ သွားတော့သွားနေကြတာပဲဗျ” ဟု ကိုသန့်ဇင်က ဆက်လက်ပြောဆိုသည်။

Thit Taw