ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၏ သားငါးကဏ္ဍတိုးတက်ရေး အားပေးမြှင့်တင်လျက်ရှိ

ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၏ သားငါးကဏ္ဍတိုးတက်ရေး အားပေးမြှင့်တင်လျက်ရှိ


Ministry of Information/ Naypyitaw / September 18, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ငါးလုပ်ငန်းဦးစီးဌာနက (၂ဝ၂၅-၂ဝ၂၆) ခုနှစ်အတွက် သာယာဝတီမြို့နယ် မြစ်မခမြစ်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြစ်မခမြစ်ဖိုးခေါင်တံတား (စံရွေးဘက်ခြမ်း)၌ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်၍ ငါးမျိုးစိုက်ထည့်ကြသည်။

သဘာဝရေပြင်နှင့် ကန်များတွင် ငါးမျိုးများရေရှည် စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတပေါကြွယ်ဝစေရေး၊ ဒေသ၏ ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်ဆောင်ရွက်သည့် အဆိုပါငါးမျိုးစိုက်ထည့်ခြင်းတွင် ငါးမြစ်ချင်းရှစ်သောင်း၊ ငါးခုံးမခုနစ်သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းငါးသောင်းကို မြစ်မခမြစ်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာရှိ T.T Cow Farm ပုဂ္ဂလိက အသားစားနွားမွေးမြူရေး ခြံသို့ရောက်ရှိရာ ဘရာမင်၊ အင်ဒိုဘရာဇီး၊ ဒေသနွား နွားသိုးများ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံနွားမွေးတောင်သူများနှင့် တွေ့ဆုံကာစီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ မွေးမြူရေးကိုအခြေခံသည့် တန်ဖိုးမြင့် ကုန်ချောထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးလာရေးဆွေးနွေးသည်။

ထို့နောက် မှော်ဘီမြို့ ချော်ကုန်းကျေးရွာရှိ Crystal Diamon Livestock Co.,Ltd. ၏ Commercial Layer Fram သို့ရောက်ရှိပြီး မွေးမြူရေးခြံအတွင်း ကြက်ငယ် ၄၁၄၀၁ ကောင်၊ ဥကြက်မ ၂၃၈၀၉၂ ကောင် မွေးမြူထားပြီး နေ့စဉ် ကြက်ဥ ၁၈၄၁၇၀ ထုတ်လုပ်၍ ဈေးကွက်သို့ဖြန့်ဖြူးပေးနေမှု၊ Feed MAS Co.,Ltd. ဥစားကြက်မွေးမြူရေးခြံ၏ ဥစားကြက်ကေင်ရေ ၁၁၃၉၈၈ ကောင် မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး အင်းတကော်ရှိ ဟွမ်းဟွမ်းကြက်စာအမျိုးမျိုးထုတ်လုပ်ရေးစက်ရုံမှ ကြက်ငယ်၊ ကြက်လတ်နှင့် ကြက်ကြီးအစာများ တစ်လလျှင်တန် ၁၀၀၀ ကျော်ထုတ်လုပ်နေမှုကိုလည်းကောင်း၊ ပဲခူးစက်မှုဇုန်ရှိ Myanmar New Hope Farme Co.,Ltd. ကြက်စာအမျိုးမျိုး ထုတ်လုပ်ရေးစက်ရုံမှ တစ်လလျှင် တန် ၄၀၀၀၀ ကျော် ထုတ်လုပ်နေမှုကိုလည်းကောင်း၊ SunJin Myanmar Co.,Ltd. ကြက်စာအမျိုးမျိုးထုတ်လုပ်ရေးစက်ရုံမှ တစ်လလျှင် တန်ချိန် ၁၀ သိန်းကျော် ထုတ်လုပ်နေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန် ထိန်းသိမ်းစောင့်ကြည့်စစ်ဆေးရေးစခန်း အသုံးပြုခွင့်ရရှိထားသည့် ပဲခူး(၁၀)မိုင် ကုန်းရှိ သန့်ဇင်မြင့်မိုရ်ကုမ္ပဏီ၏ ဧက(၁၀၀)လုပ်ကွက်ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအလိုက် လုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်