ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူး တစ်ဦး သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူး တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / September 18, 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ရှားစီးဘို(အောက်စု)ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးကျော်စိုး(ခ)ဖိုးကျော်(၄၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆိုကာ နေအိမ်အရှေ့သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်စိုး(ခ)ဖိုးကျော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။