ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောက်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်း၌ ခြိမ်းခြောက်စာကပ်ခြင်း များလုပ်ဆောင်
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောက်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်း၌ ခြိမ်းခြောက်စာကပ်ခြင်း များလုပ်ဆောင်
Ministry of Home Affairs/ နေပြည်တော် / November 04, 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်မှ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေး အတွက် ဆောင်ရွက်ပေးနေမှုကို နှောင့်ယှက်ဖျက်ဆီးရန် ယုတ်မာရိုင်းစိုင်းသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေး ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာအဆောက်အအုံများအား ခြိမ်းခြောက်စာကပ်ထားခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ သက်ရင်းကုန်းကျေးရွာရှိ အခြေခံပညာ အလယ်တန်း ကျောင်းခွဲသို့ PDF အမည်ခံ အကြမ်းဖက်သမားခြောက်ဦးခန့်ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်းရှိ Grade-4 စာသင်ခန်းဝင်ပေါက်တံခါးမကြီး၏ ယာဘက်ဘေးအုတ်နံရံပေါ်၌ A-4 စာရွက်ပေါ်တွင် လက်ရေးဖြင့် ရေးသားထားသော ကျောင်းဆရာ/ ဆရာမများအား ခြိမ်းခြောက်ထားသည့် စာရွက် တစ်ရွက်အား ကပ်သွားခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ပေးနေမှုကို နှောင့်ယှက်ဖျက်ဆီးရန် ယုတ်မာရိုင်းစိုင်းသည့် ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းအုတ်နံရံ၌ ခြိမ်းခြောက်စာကပ်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
