ပဲခူးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပ

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပ


Ministry of Information/ Naypyitaw / May 03, 2024
image_latest


နေပြည်တော် မေ ၂

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူခြင်းကြောင့် နိုင်ငံတော်အတွက် ခိုင်လုံသော အခြေခံစာရင်းအင်း ကိန်းဂဏန်းများရရှိပြီး စီမံကိန်းများရေးဆွဲရာတွင် အသုံးပြုနိုင်ရန် တိကျမှန်ကန်သည့် ခန့်မှန်းလူဦးရေများ တွက်ချက်ပေးနိုင်မည်ဖြစ်ပါကြောင်း။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းယူနစ်(Census Unit) ၈၀၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ရှိမည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားကြောင်း။

စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအခြေအနေမှလွဲ၍ အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူရန်ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်လည်းလိုအပ်ကြောင်း၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို မေးမြန်းကောက်ယူမည်ဖြစ်ကြောင်း။

စတင်ဖွင့်လှစ်သွားမည်

ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် စာရင်းစစ်၊ စာရင်းကောက်နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်းအဆင့်ဆင့်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လူဦးရေ၏ အခန်းကဏ္ဍနှင့် လူဦးရေပြောင်းလဲမှုဖြစ်စဉ်၏ အရေးပါမှု၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များမှ ဖော်ထုတ်ချက် အကျဉ်းချုပ်တို့ကို ရှင်းလင်းဆွေးနွေးတင်ပြကာ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထုအသိပညာပေး TV Spot များကို ပြသသည်။

ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ပြီး ခင်းကျင်းပြသထားသည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို ကြည့်ရှုသည်။

ကြည့်ရှုအားပေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးမြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်၍ မြို့နယ်ရုံးဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ၊ လဲလှယ်လျှောက်ထားသူ ပြည်သူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးဆောင်ရွက်နေမှု၊ နိုင်ငံသားကတ်ပြားရရှိ ပြီးသူများကို e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ညှိနှိုင်းဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးမှတ်တမ်းခန်း၌ ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် ရုံးခန်းများအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့၏အချက်အချာနေရာနှင့် လူစည်ကားရာနေရာတွင် တည်ရှိသည့်အတွက် မီးဘေးအန္တရာယ်နှင့် လုံခြုံရေးကို အထူးအလေးထားဂရုပြု ဆောင်ရွက်ရန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,