ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၊ ရတနာဂိတ်ဝင်ပေါက် ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၊ ရတနာဂိတ်ဝင်ပေါက် ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ
Ministry of Ethnic Affairs/ ရန်ကုန် / September 26, 2022
ရန်ကုန် စက်တင်ဘာလ (၂၆)
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၊ ရတနာဂိတ် ဝင်ပေါက်ဖွင့်လှစ်ခြင်း အခမ်းအနားကို စက်တင်ဘာလ (၂၆)ရက်နေ့ နံနက် (၁၁:၀၀)နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ရတနာဂိတ် ဝင်ပေါက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး နှင့်အဖွဲ့ဝင်တို့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း ဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆိပ်ခံဗောတံတားကို တာဝန်ယူတည်ဆောက်သည့် Regal Strength Co.,ltd ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားရာ၌ ဆိပ်ခံဗောတံတားတည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးအောင် တည်ဆောက်သွားရန်နှင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှုများ၊ တိုင်းရင်းသားဒေသများကို အခြေခံ တည်ဆောက်ဖွင့်လှစ် ထားသည့်အတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်နိုင်ရေးအတွက် အချိန်မီ ပြီးစီးအောင်တည်ဆောက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် ယခင်က ပင်မဂိတ်ဝင်ပေါက် တစ်ခုသာ ဖွင့်လှစ်သည့်အတွက် အများပြည်သူအားလပ်ရက်များနှင့် တိုင်းရင်းသားရိုးရာ ပွဲလမ်းသဘင်များ ကျင်းပသည့်နေ့ရက်များတွင် လာရောက်လည်ပတ်ရာ၌ လမ်းခရီး ကြန့်ကြာမှုများ ကြုံတွေ့ရလျက်ရှိပါသည်။ ယခုအခါ ရတနာဂိတ်ဝင်ပေါက် ဖွင့်လှစ်ခြင်း အားဖြင့် အပန်းဖြေလာရောက်မည့်ပြည်သူများ လွယ်လင့်တကူ ပိုမိုဝင်ရောက်လာနိုင် တော့မည် ဖြစ်ကြောင်း သိရှိရပါသည်။