ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့်မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ ဓားဦးချွန်ကိုင်ဆောင် သူများအား ဖမ်းဆီးအရေးယူ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့်မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ ဓားဦးချွန်ကိုင်ဆောင် သူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / May 31, 2026
၂၀၂၆ ခုနှစ်၊ မေ ၂၉ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ ဓားဦးချွန် ကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၉ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရွှေမြို့နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၂၄၄ မိုင်အနီးအရောက်၌ တပ်ကုန်း မြို့နယ်၊ အောင်မြေရိပ်သာကျေးရွာနေ နေလင်းထက်(ခ)ကိုထက်(၃၇)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အားရပ်တန့် စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ အရိုး၊ အသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နေလင်းထက်(ခ)ကိုထက်အား ရွှေမြို့နယ်မြေရဲစခန်း (ပ)၂၃/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
အလားတူ မေ ၂၉ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့နယ်၊ သာယာအေးရပ်ကွက်၊ ဓမ္မာစာရီလမ်းမပေါ်၌ ဓားကိုင် သောင်းကျန်းနေသူ သာယာအေးရပ်ကွက်နေ ဝင်းထွန်းဦး(၃၄)နှစ်အား အရိုး၊ အသွား ၁၉ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဝင်းထွန်းဦး အား ဇေယျာသီရိနယ်မြေ ရဲစခန်း (ပ)၂၀/ ၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၃၀ မိနစ်တွင် မော်လမြိုင်မြို့နယ်၊ စက်မှုဇုန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ညောင်ပင်ဆိပ် ရပ်ကွက်၊ စက်မှုဇုန်(၆)လမ်းအရောက်၌ လမ်းလျှောက်လာသူ အဆိုပါရပ်ကွက်နေ ထွန်းဝင်းသိန်း (၂၃)နှစ်အား မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ အရိုး၊ အသွား ၇ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထွန်းဝင်းသိန်း အား စက်မှုဇုန်နယ်မြေရဲစခန်း (ပ)၁၃/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
