ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / November 19, 2025
နေပြည်တော် နိုဝင်ဘာ ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
မေးမြန်းဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ၊ ရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ပြည်တွင်း ပြည်ပမှ မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်နေမှုများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ သံတမန်များအား ရွေးကောက်ပွဲစောင့်ကြည့် လေ့လာနိုင်ရေး ဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံအေးချမ်းစွာ မဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
