ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဘားအံမြို့၌ ကျင်းပသည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပဒေသာကပွဲ တက်ရောက်အားပေး
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဘားအံမြို့၌ ကျင်းပသည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပဒေသာကပွဲ တက်ရောက်အားပေး
Ministry of Information/ Naypyitaw / December 09, 2023

ဘားအံ ဒီဇင်ဘာ ၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ညပိုင်းက ကရင်ပြည်နယ် ဘားအံမြို့သီရိကွင်း ဒုံးစင်မြင့်၌ကျင်းပသည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပဒေသာကပွဲကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ တက်ရောက်ကြည့်ရှု အားပေးသည်။
အဆိုပါ ပဒေသာကပွဲကို ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် အမျိုးသားအောင်ပွဲနေ့၏ အနှစ်သာရများ ရရှိခံစားနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပဒေသာကပွဲတွင် ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက ငြိမ်းချမ်းတဲ့ မြန်မာပြည်၊ သွေးချင်းတို့ရဲ့ဌာနေ၊ အလှကမ္ဘာမြေ၊ ပင်လုံသက်သေချစ်သောမြေ၊ လတ်တီး တေးသီချင်းများဖြင့် တေးသရုပ်ဖော် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြပြီး ကရင်၊ မွန်၊ ဗမာ၊ ပအိုဝ်း၊ ရှမ်းယဉ်ကျေးမှုအဖွဲ့များက သက်ဆိုင်ရာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့်လည်းကောင်း၊ Unpluagged တီးဝိုင်းနှင့်တွဲဖက်၍ တေးသံရှင် ဇင်ကြီး၊ ကရင်တေးသံရှင် လုံးမာန်၊ ဖော့ဆိုခန့်နှင့်အဖွဲ့တို့က နှစ်သက်ရာ တေးသီချင်းများ ဖြင့်လည်းကောင်း ပျော်ရွှင်စွာသီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြရာ ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၀ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများနှင့်အတူ ကရင်ပြည်နယ် ပြည်သူ့ဆေးရုံကြီး (ဘားအံ) သုံးထပ်တိုးချဲ့လူနာဆောင်၌ ပြည်နယ်အတွင်း မြို့နယ်များရှိ ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ဖူးမြော်ကြည်ညိုသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးမှုကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဋ္ဌာန် ပတိုင်ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ အမိတာရာမရဲကျောင်း ဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ)မှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက စစ်ဆေးရရှိသော အဖြေများအရ လိုအပ်သောစစ်ဆေးမှုများ၊ ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးနိုင်ရန်နှင့် လိုအပ်ပါက အထက်အဆင့်သို့ ညွှန်းပို့ပေးနိုင်ရန် တာဝန်ရှိသူများအား မှာကြားသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)