ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေသည့် သင်တန်းကျောင်းများမှတာဝန်ရှိသူများကို အွန်လိုင်းမှ တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေသည့် သင်တန်းကျောင်းများမှတာဝန်ရှိသူများကို အွန်လိုင်းမှ တွေ့ဆုံ
Ministry of Hotel & Tourism/ နေပြည်တော် / January 08, 2024
နေပြည်တော် ဇန်နဝါရီ ၅
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေသည့် သင်တန်း ကျောင်းများမှ တာဝန်ရှိသူများကို ဝန်ကြီးဌာန၏ နီလာခန်းမမှ အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချနေသော သင်တန်းကျောင်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ တာဝန်ခံများက အွန်လိုင်းမှတက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်အတွက် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးရန်လိုအပ်လျက်ရှိပြီး Tourism Industry အတွင်း ပါဝင်လုပ်ကိုင်နေသူများ၊ အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ သင်တန်းကျောင်းများမှ သင်ကြားပေးသောဘာသာရပ်များ၊ သင်ခန်းစာ များနှင့် သင်ရိုးညွှန်းတမ်းများမှာ ခရီးသွားလုပ်ငန်း၏ လိုအပ်ချက်နှင့်ကိုက်ညီမှုရှိရန်လိုအပ်ပြီး ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲမှုများကို ပြုပြင်ထည့်သွင်းသင်ကြား ပေးနိုင်ရန်လိုအပ်ပါကြောင်း၊ အာဆီယံအဆင့် သင်ရိုးညွှန်းတမ်းများကို အခြေခံထားအသုံးပြုခြင်းဖြင့် သင်တန်းကျောင်းများမှ သင်ကြားပို့ချရာ၌ တစ်ပြေးညီဖြစ်စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံအဆင့်၊ အာဆီယံအဆင့် ကျွမ်းကျင်မှု လက်မှတ်ရရှိသူများ မွေးထုတ်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍအတွင်းကျွမ်းကျင်မှုလိုအပ် ချက်ကွာဟမှုလျော့ပါးစေရန် ASEAN National Trainer (TOT) ဆရာဖြစ် သင်တန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နှင့် အရည်အသွေးအာမခံချက်ရှိစေရန်အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြား ပေးနေသော သင်တန်းကျောင်းများက အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင် ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခရီးသွား လုပ်ငန်းကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသူများကသက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဝိုင်းဝန်းဆွေးနွေး ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: Myanmar Alin