ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဝန်ထမ်းမိသားစုများ၏ စုပေါင်း ဒုလ္လဘရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနား တက်ရောက်ကြည်ညို

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဝန်ထမ်းမိသားစုများ၏ စုပေါင်း ဒုလ္လဘရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနား တက်ရောက်ကြည်ညို


Ministry of Religious Affairs & Culture/ Naypyitaw / April 03, 2024
image_latest


   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အမှူးပြုသော အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဝန်ထမ်းမိသားစုများ၏ စုပေါင်း ဒုလ္လဘရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ ရှင်လောင်းလှည့်အခမ်းအနားကို ၁-၄-၂၀၂၄ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ကျင်းပသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်ဇနီးတို့ဦးဆောင်သော ရှင်ရဟန်း ဒါယကာ၊ ဒါယိကာမတို့က သင်္ကန်း၊ သပိတ်၊ ပရိက္ခရာတို့ဖြင့် ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ အစီအစဉ်အတိုင်း ရွှေတိဂုံစေတီတော်မြတ်ကြီးကို လက်ယာရစ် လှည့်လည် ပူဇော်ကြသည်။

 

 

 

   ထို့နောက် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်နှင့် စွယ်တော်မြတ်စေတီတော်သို့ အစီအစဉ်အတိုင်း လှည့်လည် ပူဇော်ကြသည်။

   ယင်းနောက် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ ပြန်လည်ရောက်ရှိကြပြီး ထေရဝါဒပသာရဏီ သိမ်တော်အနီး၌ ဒုလ္လဘရဟန်းလောင်း ၃၉ ဦး၊ ရှင်သာမဏေလောင်း ၂၁ ဦး၊ သာသနာ့နွယ်ဝင် သီလရှင်လောင်း ၁၀ ဦးတို့ကို အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် သင်ကြားဆရာတော်များ၊ သီလရှင်ဆရာကြီးများက ကေသစ္ဆေဒနမင်္ဂလာ စုပေါင်းဆံချခြင်း၊ ရှင်ရဟန်းလောင်း အားလုံးတို့က ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇန ဟိတဓရ၊ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒထံ သင်္ကန်းကပ်၊ သင်္ကန်းတောင်းခြင်း၊ ဥပဇ္ဈာယ်ယူ ဆယ်ပါးသီလ ခံယူဆောက်တည်ခြင်းတို့ ဆောင်ရွက်၍ သာမဏေရပဗ္ဗဇ္ဇမင်္ဂလာ ရှင်သာမဏေအဖြစ်လည်းကောင်း၊ သာသနာ့နွယ်ဝင် သီလရှင်လောင်းတို့ကလည်း သင်ကြားသီလရှင်ဆရာကြီးတို့ထံတွင် သီလရှင်ဝတ်ခြင်း စသည်တို့ ဆောင်ရွက်ကြပြီး ပါမောက္ခချုပ်ဆရာတော်ထံမှ ၈ ပါးသီလ ခံယူဆောက်တည်၍ သာသနာ့နွယ်ဝင် သီလရှင်အဖြစ်လည်းကောင်း သာသနာ့အမွေခံယူခဲ့ကြသည်။

 

 

 

   ၂-၄-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် တက္ကသိုလ်ရှိ ထေရဝါဒပသာရဏီသိမ်တော်တွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်  ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒအမှူးပြုသော သင်ကြားဆရာတော်  ၃၁ ပါးတို့က ဒုလ္လဘရဟန်းအဖြစ်ခံယူကြမည့် ရဟန်းလောင်းရှင်သာမဏေလောင်း ၃၉ ပါးတို့ကို ရဟန်းခံယူခြင်းဆိုင်ရာ ဆောင်ရွက်ဖွယ်ရာ သံဃာ့ကိစ္စများ ဖြစ်သည့် ဥပဇ္ဈာယ်ယူခြင်း၊ ရဟန်းလောင်းဆုံးမခြင်း၊ ဥပသမ္ပဒကမ္မဝါ ရွတ်ဖတ်ဥပသမ္ပဒကံဆောင် ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

 

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးဦးဆောင်သည့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ပါမောက္ခချုပ်ဆရာတော် အမှူးပြုသည့် သင်ကြားဆရာတော် ၃၁ ပါး၊ ဒုလ္လဘရ ဟန်းတော် ၃၉ ပါး၊ စုစုပေါင်း ပါး ၇၀ တို့အား သိမ်ဆင်းလောင်းလှူပူဇော်ကြသည်။

 

 

 

   ယင်းနောက် စုပေါင်းရဟန်းခံရှင်ပြု သီလရှင်ဝတ် အလှူတရားတော်နာ ရေစက်ချအခမ်းအနားကို တက္ကသိုလ်ရှိ ဘာဝနာမဟာသဘာတရားထိုင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ဧည့်ပရိသတ်များက ပါမောက္ခချုပ်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြကာ သံဃာတော်အရှင်မြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် ပရိတ် တရားတော်များ နာယူကြည်ညိုကြသည်။

 

 

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးကဦးဆောင်၍ အကြီးအကဲများနှင့် အလှူရှင်များက ပါမောက္ခချုပ်ဆရာတော်အမှူးပြုသည့် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သင်ကြားဆရာကြီး လေးပါးတို့ကို  ပြည်ထောင်စုဝန်ကြီးဇနီးနှင့် အမြဲတမ်းအတွင်းဝန်၏ဇနီးတို့က လှူဖွယ်ပစ္စည်းများ လှူဒါန်းကြကာ ပြည်ထောင်စုဝန်ကြီးက ဝမ်းမြောက်စကား လျှောက်ထားသည်။

 

 

 

 

    ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း ဖော်ပြအပ်ပါသည်။

 

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

HOT NEWS
January 4,