ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရိုးတွင်းခြင်ဆီအစားထိုးကုသမှုဌာန၌ ပထမဆုံး ရိုးတွင်းခြင်ဆီအစားထိုးကုသမှု အောင်မြင်စွာ ခံယူပြီးခဲ့သော လူနာနှစ်ဦးအား တွေ့ဆုံအားပေးစကားပြောကြား
ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရိုးတွင်းခြင်ဆီအစားထိုးကုသမှုဌာန၌ ပထမဆုံး ရိုးတွင်းခြင်ဆီအစားထိုးကုသမှု အောင်မြင်စွာ ခံယူပြီးခဲ့သော လူနာနှစ်ဦးအား တွေ့ဆုံအားပေးစကားပြောကြား
Ministry of Information/ Naypyitaw / July 20, 2024

ရန်ကုန် ဇူလိုင် ၁၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန ရိုးတွင်းခြင်ဆီအစားထိုးကုသမှုဌာနတွင် ပထမဆုံးရိုးတွင်းခြင်ဆီ အစားထိုးကုသမှု အောင်မြင်စွာခံယူပြီးခဲ့သော လူနာနှစ်ဦးအား သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး ကျန်းမာရေးအခြေအနေများကို မေးမြန်းကာ လိုအပ်သည်များမှာကြား၍ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
မဒေးကျွန်းရွာ ကျောက်ဖြူမြို့ ရခိုင်ပြည်နယ်မှ လူနာ ဒေါ်စန်းအေး၊ အသက်(၅၈)နှစ်သည် Hb E disease (heterozygous) Multiple Myeloma ခြင်ဆီကင်ဆာရောဂါဖြင့် ရိုးတွင်းခြင်ဆီအစားထိုးကုသရမည်ဖြစ်သောကြောင့် (Autologous peripheral blood stem cell အစားထိုးကုသမှု) ကို ဇွန် ၁၉ ရက်တွင်ဆောင်ရွက်ရာ လူနာ၏ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်ပြီး လူနာ၏ ရိုးတွင်းခြင်ဆီတွင် အစားထိုးကုသထားသည့် ပင်မဆဲလ်များသည် သွေးဆဲလ်အသစ်များ စတင်ထုတ်လုပ်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကျန်းမာသောသွေးဆဲလ်များ လုံလောက်စွာထုတ်ပေးနိုင်သော ခြင်ဆီအသစ်ဖြစ်ပေါ်ခြင်း အဆင့်အောင်မြင်မှု ရရှိခြင်း(Engraftment)ကို ရရှိနေပြီဖြစ်ကြောင်းနှင့် လူနာမှာ ဇူလိုင် ၁၉ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်သည်။
အလားတူ ထီးဆောင်းရွာ မြင်းမူမြို့ စစ်ကိုင်းတိုင်းဒေသကြီးမှ လူနာ ဦးမြင့်အောင်၊ အသက်(၅၈)နှစ်သည် EBo Thalassaemia & Hypertension IgA k light chain monoclonal gammopathy (Multiple Myeloma) ရောဂါဖြင့် ဇွန် ၂၆ ရက်တွင် ခြင်ဆီကင်ဆာရောဂါဖြင့် ရိုးတွင်းခြင်ဆီအစားထိုးကုသမှုကို ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ခြင်ဆီအသစ်ဖြစ်ပေါ်ခြင်းအဆင့် အောင်မြင်မှုရရှိပြီးဖြစ်ကာ ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ခြင်ဆီကင်ဆာရောဂါဝေဒနာခံစားနေရသော လူနာများကို ပထမဆုံးရိုးတွင်းခြင်ဆီအစားထိုးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမှာ ကျွမ်းကျင်ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များ အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းခဲ့ပေးမှုများကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဆေးပညာလောကအတွက် သမိုင်းမှတ်တိုင်တစ်ရပ်စိုက်ထူနိုင်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်ကုသရန် မလိုအပ်ဘဲ ပြည်တွင်းတွင် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် လူနာများ၏ ကုန်ကျမှုများစွာ သက်သာနိုင်တော့မည်ဖြစ်ကြောင်းနှင့် လူနာများ၏ Quality of Life ကို ပြန်လည်ရရှိနိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်