ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပညာပေးရေးနှင့် သုတေသနလုပ်ငန်းများ ပံ့ပိုးမှုဆိုင်ရာ နို့စားနွားမွေးမြူရေးခြံ ထူထောင်ဆောင်ရွက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / July 26, 2024
image_latest


နေပြည်တော် ဇူလိုင် ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာစီပီ မွေးမြူရေးလီမိတက်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပညာပေးရေးနှင့် သုတေသနလုပ်ငန်းများ ပံ့ပိုးမှုဆိုင်ရာ နို့စားနွားမွေးမြူရေးခြံ ထူထောင်ဆောင်ရွက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက နို့စားနွားမွေးမြူရေးခြံ၏ ဆောင်ရွက်ဆဲလုပ်ငန်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများကို ဖိတ်ခေါ် ၍ training program များကို စတင်လုပ်ဆောင်ခဲ့မှု၊ ပြင်ပမှ လေ့လာသူတောင်သူများကို ဖိတ်ခေါ်၍ ၎င်းတို့၏ မွေးမြူရေးစနစ်များ ပိုမိုကောင်းမွန်လာစေရေး အကူအညီဆောင်ရွက်ပေးနေမှုနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မူလတန်းကျောင်းသားများအား နို့နှင့် နို့ထွက်ပစ္စည်းများကို အာဟာရအဖြစ်ကျွေးမွေးခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဆိုင်ရာ လေ့လာမှုမှတ်တမ်းများကို ရှင်းလင်းတင်ပြကြပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော မွေးမြူရေးထွက်စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ ပူးပေါင်းဆောင်ရွက်မှုများနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနနှင့် ပုဂ္ဂလိကများ၏ သဘောတူညီချက်ပါအတိုင်း စနစ်တကျလိုက်နာဆောင်ရွက်ရေးနှင့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး နို့စားနွားမွေးမြူထားရှိမှု၊ နို့ညှစ်စက်၊ နို့သန့် နို့ပေါင်းစက်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ရည်ရွယ်ချက်များ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် Myanmar C.P Livestock Limited တို့အကြား ပညာပေးရေးနှင့် သုတေသနလုပ်ငန်းများ ပံ့ပိုးမှုဆိုင်ရာ နို့စားနွားမွေးမြူရေးခြံထူထောင်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာအရ နို့စားနွားမွေးမြူရေးခြံကို မြန်မာနိုင်ငံ၏ စံပြမွေးမြူရေးခြံအဖြစ် တည်ထောင်ရန်၊ နို့စားနွားမွေးမြူရေးပညာပေးအနေဖြင့် ဦးစီးဌာနမှ လေ့လာရေးလာရောက်သူများကို လေ့လာခွင့်နှင့် သုတေသနလုပ်ငန်းများ လုပ်ဆောင်ခွင့်ပြုရန်၊ အခြေခံကျောင်းများ၌ နို့တိုက်ကျွေးရေးအစီအစဉ်များတွင် နို့စားနွားမွေးမြူရေးခြံမှ ထွက်ရှိသည့် နို့များဖြင့် ကူညီပံ့ပိုးပေးရန် ရည်ရွယ်ချက်များဖြင့် စီမံဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်