ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / July 26, 2024
image_latest


နေပြည်တော် ဇူလိုင် ၂၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Imran Haider ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများကို အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ပြတိုက်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှုပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေပြု၍ ဘာသာရေး၊ ယဉ်ကျေးမှု အခြေပြုခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ သတင်းစဉ်