ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးနှင့် စာပေဆုများ ချီးမြှင့်ပွဲတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးနှင့် စာပေဆုများ ချီးမြှင့်ပွဲတက်ရောက်
Ministry of Information/ Naypyitaw / August 04, 2024
ရန်ကုန် ဩဂုတ် ၃
မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးနှင့် စာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း နာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စာရေးဆရာ ဆရာမကြီး များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ စာပေဆုများချီးမြှင့် ပွဲအခမ်းအနားတွင် “စာပဒေသာဝေဆာစေမည်” Video Clip ကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ပထမအကြိမ်ညီလာခံကို ၂၀၁၂ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယ အကြိမ်ညီလာခံကို ၂၀၁၆ ခုနှစ် တွင်လည်းကောင်း၊ တတိယအကြိမ် ညီလာခံကို ၂၀၂၂ ခုနှစ် မေ ၂၂ ရက်တွင်လည်းကောင်း ကျင်းပနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ညီလာခံသက်တမ်းတစ်ခု၏ သက်တမ်းသည် ၄ နှစ်ဖြစ်ပြီး ညီလာခံတစ်ခုနှင့် တစ်ခုအကြား ၂ နှစ်သက်တမ်းတွင် ညီလာခံ၏ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးကို ကျင်းပရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် ညီလာခံသက်တမ်းသည် ယခု ၂၀၂၄ ခုနှစ် မေ ၂၂ ရက်တွင် သက်တမ်း ၂ နှစ်ပြည့်ခဲ့ပြီဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ယခုဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်ဟု သိရပါကြောင်း။
မြန်မာနိုင်ငံစာပေ လောက အတွက်ရော နိုင်ငံတော်အတွက်ပါ များစွာဂုဏ်ယူစရာကောင်း
ယခု အစည်းအဝေးတွင် မင်္ဂလာရှိသည့် စာပေဆုနှစ်မျိုးကို ချီးမြှင့်မည်ဖြစ်သည့်အတွက် ဂုဏ်ယူကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် မဲခေါင်စာပေဆုသည် ၂၀၁၄ ခုနှစ်မှစပြီး မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့်တရုတ်(ယူနန်)ခြောက်နိုင်ငံမှ စာရေးဆရာအသင်းများ စုစည်းညီညွတ်စွာ ရွေးချယ်ချီးမြှင့်ခဲ့ကြသည့် ဆုဖြစ်သည့်အတွက် မြန်မာနိုင်ငံစာပေ လောကအတွက်ရော နိုင်ငံတော် အတွက်ပါ များစွာဂုဏ်ယူစရာ ကောင်းပါကြောင်း။
နိုင်ငံခြောက်နိုင်ငံ တစ်နှစ်လျှင်တစ်ကြိမ် အလှည့်ကျကျင်းပခဲ့ကြသည်မှာ (၁၂) ကြိမ်ပင်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် (၁၀)ကြိမ်မြောက် မဲခေါင်စာပေဆု ချီးမြှင့်ပွဲကို မြန်မာနိုင်ငံတွင် ကျင်းပခဲ့ပြီး (၁၁) ကြိမ်မြောက် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် (၁၂) ကြိမ်မြောက် ၂၀၂၁ ခုနှစ်တွင် လာအိုနိုင်ငံ၌ ကျင်းပခဲ့ပါကြောင်း၊ (၁၁) ကြိမ်မြောက်ပွဲနှင့် (၁၂) ကြိမ်မြောက်ပွဲများကို ကိုဗစ်ကပ်ရောဂါကြောင့် မကျင်းပနိုင်ခဲ့သည့်အတွက် အဝေးရောက်သာ ချီးမြှင့်ခဲ့ရပြီး ယခုလိုအခမ်းအနားတွင် မဲခေါင်စာပေဆုရရှိသူ လေးဦးကို ဆုချီးမြှင့်ရခြင်းဖြစ်ပါကြောင်း။
(၁၀) နှစ်အကြာတွင် ဒုတိယအကြိမ်ကျင်းပ
မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ စာပေဆုချီးမြှင့်ပွဲကို ၂၀၁၃ ခုနှစ်က ပထမအကြိမ် ကျင်းပခဲ့ပြီး (၁၀) နှစ်အကြာတွင် ယခုလိုဒုတိယအကြိမ်ကျင်းပခြင်းကြောင့် စာပေဆုရသူ ၁၈ ဦးကိုချီးမြှင့်မည်ဟု သိရပါကြောင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၏ စာမူပြိုင်ပွဲတွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုဟူ၍ သုံးမျိုးပါဝင်ပါကြောင်း။
မဲခေါင်စာပေဆုရသူများနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ စာပေဆုရသူအားလုံးသည် မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ဆောင်ပုဒ်ဖြစ်သည့် “အမျိုး၏ ဂုဏ် ဇာတိဂုဏ် စာပေဂုဏ်ကို မြှင့်” ဟူသော ဆောင်ပုဒ်ကို လက်တွေ့ကာယကံမြောက် ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံဗဟိုဦးစီးအဖွဲ့အစည်းအဝေးနှင့် စာပေဆုရရှိသူများအတွက် ငွေကျပ် ၃၅ သိန်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ပေးအပ်လှူဒါန်းပြီး မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မဲခေါင်စာပေဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ရာ (၁၁)ကြိမ်မြောက် မဲခေါင်စာပေဆု(၂၀၂၀)တွင် လွမ်းတိမ်ဝတ်မှုန် ရသစုံဝတ္ထုတိုများဖြင့် ဆုရရှိသည့် ဒေါက်တာနီလာသိန်း (မြကြာငုံ)၊ ၇၅ ရုပ်ပုံလွှာ နေမင်းသန်းကဗျာဖြင့် ဆုရရှိခဲ့သည့် ဦးဖေသန်း(နေမင်းသန်း)၊ (၁၂)ကြိမ်မြောက် မဲခေါင်စာပေဆု (၂၀၂၁) တွင် ပြိုပျက်ခဲ့သော သက္ကရာဇ်များဖြင့် ဆုရရှိခဲ့သည့် ဦးဇော်ဝင်းအောင်(အကြီးကိုကို-ကသာ)နှင့် နွေဦးအော်ပရာကဗျာများဖြင့် ဆုရရှိခဲ့သည့်ဦးသန်းအေး (စလင်းဘုန်းကျော်)တို့က ဆုများလက်ခံရယူကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယအကြိမ် စာမူပြိုင်ပွဲဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ရာဝတ္ထုတို ပထမဆုရရှိခဲ့သည့် စောငယ်ငယ်(မိုးညှင်း)၊ ဝတ္ထုတိုဒုတိယဆုရရှိခဲ့သည့် ယွင်းနှင်းဆီခိုင်နှင့် ဝတ္ထုတိုတတိယဆုရရှိခဲ့သည့် ဝေလွင်မြင့်မောင်တို့က ဆုများလက်ခံရယူကြသည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံစာရေးဆရာအသင်း နာယကအလင်္ကာကျော်စွာ ဒေါ်ချိုချိုတင်(မစန္ဒာ)နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)တို့က မြန်မာ နိုင်ငံစာရေးဆရာအသင်း ဒုတိယအကြိမ် စာမူပြိုင်ပွဲဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ရာ ဝတ္ထုတိုအထူးဆု(၁)ရရှိသူ စံဝင်းအောင်(မြန်အောင်)၊ ဝတ္ထုတိုအထူးဆု(၂)ရရှိသူ နန်းဟင်းပြင်း၊ ဝတ္ထုတိုအထူးဆု(၃)ရရှိသူဇော်(မြိတ်)၊ ဆောင်းပါးပထမဆုရရှိသူရွှေထုံ ခင်သီတာလှိုင်၊ ဆောင်းပါးဒုတိယဆုရရှိသူ လင်းအရုဏ်ဦး (ပဲခူး)၊ ဆောင်းပါးတတိယဆုရရှိသူ သစ္စာဝါဒီဦးမြင့်အောင်၊ ဆောင်းပါးအထူးဆု(၁)ရရှိသူတက္ကသိုလ် နန်းဖြူဖြူထွန်း၊ ဆောင်းပါးအထူးဆု(၂)ရရှိသူ မရွှေချစ်(လယ်ကိုင်း)၊ ဆောင်းပါးအထူးဆု(၃)ရရှိသူ မောင်ရည်ကျော်(ရူပ)၊ ကဗျာပထမဆုရရှိသူ နေခြည်မောင်(မြောင်းမြ)၊ ကဗျာဒုတိယဆုရရှိသူ ဘုန်းရဲနိုင်(ဂန့်ဂေါ)၊ ကဗျာတတိယဆုရရှိသူ စစ်တွေညိုသန့်၊ ကဗျာအထူးဆု (၁) ရရှိသူ ဇဂျမ်းရွာကျောင်းအိုသား၊ ကဗျာအထူးဆု (၂) ရရှိသူ ဟန်ညွန့်(ယဉ်ကျေးမှု)နှင့် ကဗျာအထူးဆု(၃)ရရှိသူ ခက်ဇော်(ကဗျာ)တို့က ဆုများလက်ခံရယူကြသည်။
ကျေးဇူးတင်စကားပြောကြား
ထို့နောက် မဲခေါင်စာပေဆုရရှိသူများကိုယ်စား စာရေးဆရာ ဦးဇော်ဝင်းအောင် (အကြီးကိုကို-ကသာ)နှင့် မြန်မာနိုင်ငံစာရေး ဆရာအသင်းစာပေဆုရရှိသူများ ကိုယ်စားစာရေးဆရာမ ဒေါ်ခင်သီတာလှိုင်(ရွှေထုံခင်သီတာလှိုင်)တို့က ကျေးဇူးတင်စကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က မဲခေါင်စာပေဆုရရှိသူများ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း စာပေဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားတွင် ပြသထားသည့် ဆုရရှိသူများ၏ ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ပြုလုပ်သည့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း (Myanmar Digital Media Asso-ciation) ဖြစ်မြောက်ရေးကော်မတီ နှင့်တွေ့ဆုံ၍ ဒစ်ဂျစ်တယ်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို ဆွေးနွေးပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံ၏ မီဒီယာအခင်းအကျင်းတွင် ဒစ်ဂျစ်တယ်နည်းပညာနှင့် မီဒီယာသည်အရေးပါသည့်နေရာမှ ပါဝင်လျက်ရှိပါကြောင်း၊ ယခုအခါ ဒစ်ဂျစ်တယ်မီဒီယာလုပ်ငန်းသည် ကြီးမားကျယ်ပြန့်လျက်ရှိသဖြင့် ၎င်းလုပ်ငန်းကို လုပ်ကိုင်နေကြသူများ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးရန်နှင့် အငြင်းပွားမှုဆိုင်ရာပြဿနာများ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် မြန်မာဒစ်ဂျစ်တယ်မီဒီယာအသင်းကြီးပေါ်ပေါက်လာစေရေးကြိုးပမ်းလျက်ရှိပါကြောင်း၊ ယခုဖွဲ့စည်းပေးထားသည့် ကော်မတီတွင် IT နည်းပညာကျွမ်းကျင်သူများ၊ သတင်းမီဒီယာနယ်ပယ်မှပုဂ္ဂိုလ်များ၊ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်သူများအား ပါဝင်ဖွဲ့စည်းပေးထားပါကြောင်း၊
အသင်းကြီး အောင်မြင်စွာဖွဲ့စည်း နိုင်ရေးနှင့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်းကို စနစ်တကျရေးဆွဲကြရန်လိုကြောင်း၊ ယခုအခါဒစ်ဂျစ်တယ် ပလက်ဖောင်းကိုအသုံးပြု၍ ပြည်သူများအား သတင်းတု/ သတင်းမှားများ ဖြန့်ဝေလျက်ရှိသဖြင့် နိုင်ငံတော်နှင့် ပြည်သူများအကျိုးကိုရှေးရှုကာ ဝိုင်းဝန်းထိန်းသိမ်းပေးကြရန်လိုပါကြောင်း၊ အသင်းကြီးအားအောင်မြင်စွာဖွဲ့စည်း၍ ဒစ်ဂျစ်တယ်နည်းပညာဖြင့် နိုင်ငံအကျိုးသယ်ပိုးပေးကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ် မြောက်ရေးကော်မတီဥက္ကဋ္ဌဦးကိုကို(ကိုကို- စက်မှုတက္ကသိုလ်)နှင့် တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆွေးနွေးပြောကြားကြသည်။
သတင်းစဉ်