ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့ BRICS Media Summit တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့ BRICS Media Summit တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ


Ministry of Information/ Naypyitaw / September 13, 2024
image_latest


ရန်ကုန် စက်တင်ဘာ ၁၂

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ကျင်းပမည့် BRICS Media Summit သို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်း

အဆိုပါ BRICS အဖွဲ့အစည်းအမည်ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ၏ ထိပ်စီးစာလုံးများဖြင့်ပေါင်းစပ်၍ ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့အစည်းဖြစ်သည်။

ပူးပေါင်းလှုပ်ရှားလျက်ရှိ

၂၀၂၄ ခုနှစ်တွင် အီရန်၊ အီဂျစ်၊ အီသီယိုပီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့ ထပ်မံပါဝင်ခဲ့သဖြင့် အဖွဲ့ဝင် ၉ နိုင်ငံရှိလာသည့်အပြင် ဆော်ဒီအာရေဗျနိုင်ငံမှာ ဖွဲ့စည်းမှုတွင် ပါဝင်ခြင်းမရှိသေးသော်လည်း ပူးပေါင်းလှုပ်ရှားလျက်ရှိသည်။

BRICS ထိပ်သီးအစည်းအဝေးများကို အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်အိမ်ရှင်အလှည့်ကျစနစ်ဖြင့် ကျင်းပလျက်ရှိရာ ယခုနှစ်အောက်တိုဘာလတွင် ရုရှားနိုင်ငံ ကဇန်ဒေသ၌ (၁၆) ကြိမ်မြောက် BRICS ထိပ်သီးညီလာခံကို လက်ရှိအဖွဲ့အစည်းဥက္ကဋ္ဌ ရုရှားသမ္မတ ဗလာဒီမာပူတင် ဦးဆောင်၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

BRICS အဖွဲ့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ အသားပေးလုပ်ဆောင်ရန်ရည်ရွယ်၍ မူလကဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း နှစ်စဉ်ကျင်းပခဲ့သည့် ညီလာခံများ၌ နိုင်ငံစုံမူဝါဒများ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခြင်းဖြင့် ပထဝီဝင်နိုင်ငံရေးအုပ်စုအဖြစ်ပြောင်းလဲလာပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လုပ်ဆောင်ရန် ဦးတည်ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ BRICS မီဒီယာ ထိပ်သီးအစည်းအဝေးများကို BRICS နိုင်ငံများအကြား သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နည်းပညာကဏ္ဍမြှင့်တင်နိုင်ရေး ကဏ္ဍစုံမှကျွမ်းကျင်သူများဖြင့် နှစ်စဉ်ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ် အစည်းအဝေးကို ရုရှားနိုင်ငံမော်စကိုမြို့ရှိ World Trade Center တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ ရုရှားသတင်းအေဂျင်စီ (TASS) မှ တာဝန်ခံကျင်းပမည်ဖြစ်သည်။ 

ယင်းအစည်းအဝေးသို့ BRICS အဖွဲ့ဝင်နိုင်ငံများမှ ထိပ်တန်းမီဒီယာအဖွဲ့အစည်းများမှ အကြီးအကဲများအပြင် BRICS နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် စိတ်ဝင်စားသည့်နိုင်ငံများမှ မီဒီယာများ တက်ရောက်ကြမည်ဖြစ်​ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဦးသက်ဆွေနှင့် ညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်တို့ လိုက်ပါသွားကြသည်။

သတင်းစဉ်