ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၄) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံတက်ရောက်
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၄) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံတက်ရောက်
Ministry of Information/ Naypyitaw / October 31, 2024
နေပြည်တော် အောက်တိုဘာ ၃၀
(၁၄) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံ ကို “ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက် အထိ ကျင်းပလျက်ရှိရာ အဆိုပါညီလာခံသို့ စင်ကာပူနိုင်ငံ ရှေ့နေချုပ် H.E Mr. Lucien Wong ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
(၁၄) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များညီလာခံတွင် စင်ကာပူနိုင်ငံ ရှေ့နေချုပ် H.E Mr. Lucien Wong နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ် H.E. Mr. Ying Yong တို့က အဖွင့်အမှာစကား ပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ငွေကြေးဆိုင်ရာရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသောအစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုကြောင်း၊ ညီလာခံ၏ဆောင်ပုဒ်မှာ “ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း” “Fostering Cooperation on Combating Financial Crimes” ဖြစ်သည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားသာမက အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာလာစေရန် ရည်ရွယ်သည်ဟု ယုံကြည်ပါကြောင်း။
ငွေကြေးဆိုင်ရာ ရာဇဝတ်မှု များကိုတားဆီးရန် မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနည်းဥပဒေတို့ကို ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်၌ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit– FIU)ကို ဖွဲ့စည်းတည်ထောင်ထားကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၏ အကူအညီဖြင့် ရေးဆွဲခဲ့သော ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်အကူအညီပေးရေးဆိုင်ရာဥပဒေနှင့် နည်းဥပဒေတို့ကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်မှုများနှင့်အညီ ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ အဆိုပါဥပဒေကြောင့် နိုင်ငံခြားတိုင်းပြည်များမှ MLA တောင်းဆိုချက်များကို မြန်မာနိုင်ငံအာဏာပိုင်များထံ တိကျသောနည်းလမ်းဖြင့် ပေးပို့နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် တယ်လီကွန်းလိမ်လည်မှုများကဲ့သို့သော နယ်စပ်ဖြတ်ကျော် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အိမ်နီးချင်းနိုင်ငံများ၊ အထူးအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။
လန်ချန်း - မဲခေါင်ပူးပေါင်းဆောင်ရွက်မှုယန္တရားသည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့အကြား နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို လွယ်ကူချောမွေ့စေပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် အာဆီယံ တရားခံလွှဲပြောင်းရေးစာချုပ် (AET) နှင့် အာဆီယံရာဇဝတ်မှု တရားစီရင်ရေးနှင့် ရာဇဝတ်မှုများ တိုက်ဖျက်ရေးဆိုင်ရာညီလာခံ (ACCPCJ) တို့ကဲ့သို့သော ASLOM ၏ ပဏာမခြေလှမ်းများကို အကောင်အထည်ဖော်ရာတွင် အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ အပြည့်အဝပါဝင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် ညီလာခံသို့ တက်ရောက်လာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ရှေ့နေချုပ်များက (၁၄) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များညီလာခံပူးတွဲကြေညာချက် (JOINT DECLARATION OF THE 14th CHINA-ASEAN PROSECUTORS- GENERAL CONFERENCE) ကို လက်မှတ်ရေးထိုးကြသည်။
အဆိုပါ (၁၄) ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များညီလာခံပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအတွင်း နိုင်ငံဖြတ်ကျော် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို ဖြေရှင်းရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေနိုင်ခြင်း၊ တရုတ်နိုင်ငံနှင့်လည်း ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုမြှင့်တင်နိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်