ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံများ၌ ကျောင်းသုံးစာအုပ်များရိုက်နှိပ်နေမှု ကြည့်ရှုစစ်ဆေး၊ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံများ၌ ကျောင်းသုံးစာအုပ်များရိုက်နှိပ်နေမှု ကြည့်ရှုစစ်ဆေး၊ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်


Ministry of Information/ Naypyitaw / January 23, 2025
image_latest


ရန်ကုန် ဇန်နဝါရီ ၂၂ 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းဒေသရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံများ၌ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးအား ဂျီတီစီပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အောင်ဆန်းဒေသရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အောင်ဆန်းပုံနှိပ်စက်ရုံ၊ ဂျီတီစီပုံနှိပ် စက်ရုံနှင့်စာပေဗိမာန်ပုံနှိပ်စက်ရုံတို့မှ ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

သိရှိနားလည်ရန်လိုအပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပုံနှိပ်လုပ်ငန်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက ပုံနှိပ်ရန် အပ်နှံထားသည့် ကျောင်းသုံးစာအုပ်များအပြင် ဝန်ကြီးဌာနအသီးသီးကလည်း ပုံနှိပ်ရန်အမှာစာများ ရရှိထားပြီးဖြစ်သဖြင့် လုပ်ငန်းများအားလုံး သတ်မှတ်ထားသည့်အချိန် ပြီးစီးရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်တွင် အခက်အခဲစိန်ခေါ်မှုများရှိပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ နားလည်မှု၊ ယုံကြည်မှုတို့ဖြင့် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် ယနေ့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို သိရှိနားလည်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဂျီတီစီပုံနှိပ်စက်ရုံ၊ အောင်ဆန်းပုံနှိပ်စက်ရုံနှင့် စာပေဗိမာန်ပုံနှိပ် စက်ရုံဝင်းများအတွင်း ကျောင်းသုံး စာအုပ်များ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊ လက်ကမ်းစာစောင်များ ပုံနှိပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌများ၊ တွဲဖက်အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရန် လုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ယမန်နှစ်က ကျင်းပခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအပေါ် အတွေ့အကြုံများရယူပြီး ယခုနှစ်ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေသည်ကို တွေ့ရသည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း။

အကြံပြုဝိုင်းဝန်းဆွေးနွေး

အခမ်းအနားသို့ ပြည်သူချစ် သက်ကြီးအနုပညာရှင်များကို တက်ရောက်နိုင်ရန် ဖိတ်ကြားထားသည့်အတွက် ၎င်းတို့၏ သွားလာရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊ စားသောက်ရေး ကိစ္စများကို ကူညီဖြည့်ဆည်းပေးရန်လိုအပ်ပါကြောင်း၊ အခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို အချိန်မီပြီးစီးရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန်နှင့် လိုအပ်ချက်များကို အကြံပြုဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တက်ရောက်လာကြသူများက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

သတင်းစဉ်