ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ၂၀၂၅ ခုနှစ် တရုတ်-အာဆီယံ စက်မှုဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲ၊ တရုတ်-အာဆီယံ စက်မှုကဏ္ဍဖလှယ်ရေးနှင့် မြှင့်တင်ရေးအခမ်းအနား တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ၂၀၂၅ ခုနှစ် တရုတ်-အာဆီယံ စက်မှုဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲ၊ တရုတ်-အာဆီယံ စက်မှုကဏ္ဍဖလှယ်ရေးနှင့် မြှင့်တင်ရေးအခမ်းအနား တက်ရောက်
Ministry of Information/ Naypyitaw / September 19, 2025

နေပြည်တော် စက်တင်ဘာ ၁၈
နိုင်ငံတော်ဝန်ကြီးချုပ်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့သည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် နန်နင်းမြို့ Wanda Vista ဟိုတယ်၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် တရုတ်-အာဆီယံ စက်မှုဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနဝန်ကြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံများအကြား အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်သော စက်မှုပူးပေါင်းဆောင်ရွက်မှုစနစ်တစ်ရပ် ထူထောင်ခြင်းအားဖြင့် စက်မှုကဏ္ဍနယ်ပယ်အတွင်း အပြိုင်အဆိုင်ဖွံ့ဖြိုးတိုးတက်မှု၊ အပြုသဘောဆောင်သည့် ယှဉ်ပြိုင်နိုင်စွမ်းများရှိလာပြီး ရေရှည်တည်တံ့သည့် လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ စက်မှုကဏ္ဍရှိ နည်းပညာဆိုင်ရာဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးအတွက် ပူးတွဲလေ့ကျင့်မှု၊ နည်းပညာသင်တန်းများနှင့် သက်မွေးပညာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများသည် ယနေ့ခေတ်၏ စက်မှုဖွံ့ဖြိုးမှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)နှင့် လူငယ်များပါဝင်ရေး မြှင့်တင်ပြီး ချမှတ်ထားသောမူဝါဒများနှင့် လုပ်ငန်းစဉ်များဖြင့် ဂေဟစနစ်တည်ဆောက်သွားနိုင်ပါက တရုတ်-အာဆီယံဒေသအတွင်း စက်မှုဖွံ့ဖြိုးတိုးတက်မှုကို ပိုမို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ စက်မှုပူးပေါင်းဆောင်ရွက်မှုအင်အားဖြင့် တရုတ်-အာဆီယံဒေသကို ပိုမိုအားကောင်းအောင် တည်ဆောက်ကြရန် တိုက်တွန်းပြောကြားပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှဝန်ကြီးများက တရုတ်- အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် နန်နင်းဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်ဖြစ်သည့် စက်မှုမူဝါဒညှိနှိုင်း ဆောင်ရွက်မှုနှင့် မဟာဗျူဟာ မြောက်ညှိနှိုင်းမှုအားကောင်းစေရန်၊ ဒေသတွင်းဆန်းသစ်တီထွင် မှုဂေဟစနစ်ကို တည်ဆောက်ရန်၊ ဒစ်ဂျစ်တယ်၊ အစိမ်းရောင်နှင့် ဉာဏ်ရည်တု နည်းပညာဖြင့် စက်မှုအသွင်ပြောင်းခြင်း နယ်ပယ်များတွင် စံချိန်စံနှုန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ ဒစ်ဂျစ်တယ်ဆိုင်ရာ အခြေခံအဆောက်အအုံများမြှင့်တင်ခြင်း၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဂြိုဟ်တုလမ်းကြောင်းပြခြင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေ ရေးပံ့ပိုးပေးခြင်းအပါအဝင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် စွမ်းအင်သစ်ကဏ္ဍတို့ပါဝင်သည့် ထွန်းသစ်စစက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို စူးစမ်းလေ့လာရန်၊ တရုတ်နိုင်ငံနှင့် အာဆီယံရှိ စွမ်းအင်သစ်ယာဉ်များတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖြေလျှော့ပေးရေးကို ဆက်လက်မြှင့်တင်ရန်၊ AI ဖြင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် AI ဆိုင်ရာ အသုံးပြုနိုင်သည့် အက်ပလီကေးရှင်းနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှုကိုရှာဖွေရန်၊ လျှပ်စစ် စက်ဘီးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စေရန်၊ အထည်အလိပ်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန်၊ ဆေးဝါးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန်၊ စက်မှုကဏ္ဍရှိ နည်းပညာဆိုင်ရာ ဝန်ထမ်းများ၏ ပူးတွဲလေ့ကျင့်မှုကို အားကောင်းစေရန်၊ SMEs များကို စက်မှုပူးပေါင်းဆောင်ရွက်မှုစနစ်သို့ ပေါင်းစည်းရေးကို သင့်တင့်မျှတသောပုံစံဖြင့် မြှင့်တင်ရန် စသည့်အချက်များကို သဘော တူညီခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး တရုတ်-အာဆီယံ စက်မှုကဏ္ဍဖလှယ်ရေးနှင့် မြှင့်တင်ရေးအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စက်မှုဝန်ကြီးများနှင့်အတူ တက် ရောက်ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီး နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား စက်မှုကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ သံ၊ သံမဏိ၊ ဆေးဝါး၊ အဝတ်အထည်၊ ဝါးတို့နှင့်စပ်လျဉ်းသည့် ထုတ်ကုန် ပစ္စည်းများထုတ်လုပ်ရေး၊ စိုက်ပျိုးရေးအခြေပြုစက်မှုကဏ္ဍ၊ ဝါဂွမ်း၊ စားသုံးဆီ၊ ဆန်စက်ကဏ္ဍတွင် နည်းပညာမြင့် စက်ကိရိယာများဖြင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်