ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်မြို့ရှိ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်မြို့ရှိ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ
Ministry of Information/ Naypyitaw / September 20, 2025
ရန်ကုန် စက်တင်ဘာ ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ ဒုတိယစာသင်နှစ်ဝက်စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရန်ကုန်ပညာရေးတက္ကသိုလ်သည် အခြေခံပညာကဏ္ဍအတွက် အရေးကြီးသည့် ဆရာ ဆရာမလောင်းများကို မွေးထုတ်ပေးသည့် တက္ကသိုလ်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဆရာ ဆရာမများ၏ အရည်အသွေးတိုးတက်မြင့်မားရေး ပညာတော်သင်စေလွှတ်ခြင်းနှင့် ရက်တိုသင်တန်းများစေလွှတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျောင်းပြင်ပပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေးတက္ကသိုလ်အနေဖြင့် ပူးပေါင်းပံ့ပိုးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ကမာရွတ်မြို့နယ် လေ့ကျင့်ရေးတက္ကသိုလ်၊ အထက်တန်းကျောင်း (TTC) နှင့် စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံပြီး ဆရာ ဆရာမများ၏ မြေတောင်မြှောက်ပံ့ပိုးမှုဖြင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူမှုသည် အတော်ဆုံးဖြစ်ရမည်ဆိုသည့် ခံယူချက်ဖြင့် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးပညာရေးမှူး၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများက သင်ကြားရေးဆိုင်ရာများ၊ အခက်အခဲနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများ ကျောင်းဖွံ့ဖြိုးရေးဘာသာရပ်များ သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ဒုတိယစာသင်နှစ်ဝက် စာမေးပွဲအေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး (၂၅) နှစ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံကျင်းပနိုင်ရေး၊ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့တွင် လစ်လပ်သွားသော အမှုဆောင်အဖွဲ့ဝင်ပညာရှင် ဆရာကြီး ဆရာမကြီးများနေရာတွင် အစားထိုးခန့်ထားနိုင်ရေး၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့် ကလေးများ၏ ပညာရေးနှင့် ပတ်သက်သည့်သုတေသနစာတမ်းများရေးသားနိုင်ရေး၊ လက်ရှိပညာရေးကဏ္ဍအတွက် အကြံပြုနိုင်သည့် သုတေသနစာတမ်းများ ရေးသားနိုင်ရေးတို့ကို ဆွေးနွေးကြသည်။
ထို့နောက် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီရုံး၌ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပြဋ္ဌာန်းခဲ့သည့် Grade-12 သင်ရိုးညွှန်းတမ်းများ ပြန်လည်ပြင်ဆင်ဆန်းစစ်ခြင်း၊ စစ်ဆေးတည်းဖြတ်ခြင်း၊ Grade-12 ဘာသာရပ်များ သင်ကြားမှုနည်းလမ်းများနှင့် ပတ်သက်၍ အကြုံပြုခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ညနေပိုင်းတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ရန်ကုန်ရုံးခွဲ၌ ဖွင့်လှစ်လျက်ရှိသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပအလယ်တန်းပညာရေး ဗဟိုအဆင့်ကြီးကြပ် နည်းပြသင်တန်းဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်