ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အဆင့်မြင့်စက်သုံးဆီများ ထုတ်လုပ်သည့် စက်ရုံနှင့် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံများ ကြည့်ရှုလေ့လာ
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အဆင့်မြင့်စက်သုံးဆီများ ထုတ်လုပ်သည့် စက်ရုံနှင့် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံများ ကြည့်ရှုလေ့လာ
Ministry of Information/ Naypyitaw / October 24, 2025
နေပြည်တော် အောက်တိုဘာ ၂၃
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ဟူကျိုးမြို့ရှိ အဆင့်မြင့် စက်သုံးဆီများ ထုတ်လုပ်သည့် စက်ရုံနှင့် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံများသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟူကျိုးမြို့ရှိ အဆင့်မြင့်စက်သုံးဆီများ ထုတ်လုပ်သည့် စက်ရုံသို့သွားရောက်၍ ကုန်ကြမ်း၊ ကုန်ချောသိုလှောင်ကန်များ တည်ဆောက်ထားရှိမှု၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ RON အရည်အသွေးနိမ့်သော စက်သုံးဆီများအား RON 92, RON 95 နှင့် RON 98 များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နေမှု၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ရပ်လုံးအား Digital Control စနစ်ဖြင့် ထိန်းချုပ်ဆောင်ရွက်နေမှု၊ ထုတ်လုပ်ပြီး စက်သုံးဆီများအား ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးနေမှု၊ စက်ရုံသို့ ကုန်ကြမ်းသယ်ယူခြင်း၊ ကုန်ချောဖြန့်ဖြူးခြင်းများအတွက် ပိုက်လိုင်းသွယ်တန်း၍ Control Station မှ စောင့်ကြည့်ထိန်းချုပ်နေမှုအခြေအနေများကို လေ့လာ ကြည့်ရှုသည်။
ကြည့်ရှုလေ့လာစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့စက်ရုံတွင် လက်ရှိအသုံးပြုလျက်ရှိသော Control System အား Digital စနစ်သို့ ပြောင်းလဲအသုံးပြုလိုသည့်အခြေအနေ၊ စက်ရုံရှိ Laboratory အား အဆင့်မြှင့်တင်လိုမှု၊ မိမိတို့ဝန်ထမ်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ စက်ရုံသို့ စေလွှတ်၍ စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ယူလိုမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ရာ ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့က နိုင်ငံတကာအသိအမှတ်ပြု စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်လုပ်သည့် RON 68 များအား အဆင့်မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ လုပ်ငန်းခွင်သင်တန်းများ ပို့ချပေးနိုင်ရန် အဆင်သင့်ရှိပါကြောင်း ပြန်လည်ဆွေးနွေးသည်။
မကြာမီကာလအတွင်း ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်အဖွဲ့ တစ်ဖွဲ့ကို မြန်မာနိုင်ငံရှိ ရေနံချက်စက်ရုံသို့ စေလွှတ်၍ ဖြစ်နိုင်ခြေဆန်းစစ်မှုများ လေ့လာဆောင်ရွက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများအပေါ် နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံပိုင်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် အဓိက ကုန်ကြမ်းဖြစ်သော ကျောက်မီးသွေး၏ အရည်အသွေးနှင့် ပြည့်မီစွာ စဉ်ဆက်မပြတ်ရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ Clean Coal Technology (CCT) ကဲ့သို့သော အဆင့်မြင့်နည်းပညာများ အသုံးပြု၍ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရန် နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ကျောက်မီးသွေး ထွက်ရှိသဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူ အသုံးပြုပါက ပြည်သူများအနေဖြင့် ချိုသာသောဈေးနှုန်းဖြင့် လျှပ်စစ်ဓာတ်အားကို အသုံးပြုနိုင်မည်ဖြစ်ပါသဖြင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ ကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတုဆိုင်ရာကတိကဝတ်များ ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ပြီး အဆင့်မြင့်နည်းပညာများကို စနစ်တကျ လွှဲပြောင်းရရှိရေး၊ Human Resources (HR) မြင့်မားစေရေးအတွက် လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးနိုင်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ နိုင်ငံပိုင်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံသည် ထိုက်ချန်းမြို့၏ မြို့ပြဧရိယာအတွင်း၌ပင်တည်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ လျှပ်စစ်ဓာတ်အား ထုတ်ယူဖြန့်ဖြူးလျက်ရှိနေကြောင်း သိရသည်။
သတင်းစဉ်
