ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / October 25, 2025
နေပြည်တော် အောက်တိုဘာ ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် မြန်မာ-လာအိုချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့အားယနေ့နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကမြန်မာ-လာအိုချစ်ကြည်ရေးအသင်း ဖွဲ့စည်းဆောင်ရွက်နိုင်မှုအတွက် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုကြိုးပမ်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သည့် ဝမ်ပုံ-ဘန်မောင်မန်းနယ်စပ်ဂိတ်၌ လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ကျိုင်းလတ်-စီအင်ကောက်နယ်စပ်ဂိတ်အား နှစ်နိုင်ငံ သဘောတူညီမှုဖြင့်လုပ်ငန်းဆောင်ရွက်လျက်ရှိသော်လည်း MoU တွင် ဖြည့်စွက်ထည့်သွင်း ဆောင်ရွက်နိုင်ပါက နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာမှုပိုမို အဆင်ပြေနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းအနေဖြင့် ဝန်ကြီးဌာနနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပေးရန် ကိစ္စရပ်များရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြန်မာ-လာအိုချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမောင်က အသင်းဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေ၊ တွေ့ဆုံရသည့် အကြောင်းရင်းတို့ကို ရှင်းလင်းတင်ပြပြီး အဖွဲ့ဝင်များ က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
သတင်းစဉ်
