ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
Ministry of Information/ Naypyitaw / February 05, 2026
နေပြည်တော် ဖေဖော်ဝါရီ ၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းခေတ္တဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးရုံးဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ (Agro-Based Industries) ကို အားပေးမြှင့်တင်ရန် ခိုင်မာသည့်မူဝါဒများ ချမှတ်၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ထိုသို့ ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝလည်ပတ်နိုင်ရေးအတွက် အဓိကလိုအပ်သည့် အခြေခံအဆောက်အအုံသည် လျှပ်စစ်ဓာတ်အားဖြစ်သည့်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်ပေးနိုင်ရေး အလေးထားစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် အရင်းအမြစ်အလိုက် တပ်ဆင်အင်အားများမှာ ရေအားလျှပ်စစ်စက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံနှစ်ရုံ၊ နေရောင်ခြည်သုံးစွမ်းအင် စက်ရုံ ၁၂ ရုံ စုစုပေါင်းတပ်ဆင်စက်အင်အားမှာ ၆၇၂၅ မဂ္ဂါဝပ်အထိရှိပြီး စက်စွမ်းအားပြည့် မောင်းနှင်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သော အခြေအနေဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်ဖျက်ဆီးမှုများနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တဖြည်းဖြည်းလျော့နည်းခဲ့ခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ်ကျော်မှာ လျော့နည်းထုတ်လုပ်ရရှိသဖြင့် တစ်ရက်လျှင် ၃၀၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး အချို့နေရာများတွင် အချိန်ပိုင်းအလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများနှင့် ခွဲရုံများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ခြင်းဆောင်ရွက်လျက်ရှိသကဲ့သို့ LNG မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းသည် ဈေးနှုန်းကြီးမြင့်သော်လည်း လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးစက်မှုဇုန်များမှ အချိန်ပြည့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အချိန်တိုအတွင်းရရှိမည့် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ LNG စီမံကိန်းကို ၂၀၂၃ ခုနှစ် မတိုင်မီကတည်းက LNG to Power ထုတ်လုပ်ပြီး စက်မှုဇုန်များသို့ ပေးရန်လျာထားဆောင်ရွက်ခဲ့ပြီး ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ သဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစ၍ ယင်းစက်ရုံမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ပါကြောင်း၊ LNG ဖြင့် ထုတ်လုပ်ခြင်းမှာ ကုန်ကျစရိတ်မြင့်မားသော်လည်း စက်မှုကဏ္ဍကုန်ထုတ်လုပ်မှုများ အရှိန်အဟုန်မပြတ်စေရန် ရည်ရွယ်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် “LNG to Industry” ကို အထူးအလေးပေးဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်မှုအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ် မျှတစေရန်အတွက် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ ‘‘စီးပွားရေးနှုန်းထား (Economic Rate)’’ တစ်ခုသတ်မှတ်ပြီး ယခုဖေဖော်ဝါရီလ အသုံးမှစ၍ ဓာတ်အားခနှုန်းထား သစ် ၉၀၀ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်သည့်အတွက် ဇန်နဝါရီလ အသုံးယူနစ်များကို မီတာဖတ်သူနှင့် သုံးစွဲသူနှစ်ဖက် သဘောတူလက်မှတ်ရေးထိုးသွားရန် လိုအပ်ပါကြောင်း၊ ဓာတ်အားခနှုန်းထားတိုးမြှင့်သွားသော်လည်း လုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှု ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်ပါသဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် မိမိတို့လုပ်ငန်းများ အောင်မြင်စွာ တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုသုံးစွဲနေသော ဓာတ်အားခနှုန်းထားများအနေဖြင့် ယခင်နှုန်းထားအတိုင်းဖြစ်ပါကြောင်း၊ ယခင်စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် စက်မှုလုပ်ငန်းရှင်များမှ အားလုံးလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း အဓိကစက်မှုဇုန်များ၏ အခြေအနေ၊ စက်မှုလုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှု ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် LNG မှ ဓာတ်အားထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့မှု၊ အခက်အခဲများ၊ လက်ရှိဓာတ်အားထုတ်လုပ်နေမှု၊ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် မဟာဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်မှု၊ LNG to Power ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်စတင်ထုတ်လုပ်နိုင်မှုအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်၊ စက်မှုလက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများသို့ ဓာတ်အားဖြန့်ဖြူးပေးမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ သတ်မှတ်နှုန်းထားအသစ်ဖြင့် ဓာတ်အားခကောက်ခံဆောင်ရွက်မည့် အခြေအနေနှင့် ဓာတ်အားခတိုးမြှင့်ကောက်ခံမှုအပေါ် အားသာချက်/အားနည်းချက်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
