ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာမြို့၌ ကျင်းပသည့် နယ်စပ်ဖြတ်ကျော် အလုပ်သမားရေးရာနှင့်စပ်လျဉ်း၍ အဆင့်မြင့်ကိုယ်စားလှယ် စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာမြို့၌ ကျင်းပသည့် နယ်စပ်ဖြတ်ကျော် အလုပ်သမားရေးရာနှင့်စပ်လျဉ်း၍ အဆင့်မြင့်ကိုယ်စားလှယ် စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်
Ministry of Information/ Naypyitaw / April 27, 2026
နေပြည်တော် ဧပြီ ၂၆
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်၍ “နယ်စပ်ဖြတ်ကျော် အလုပ်သမား ရေးရာနှင့်စပ်လျဉ်း၍ အဆင့်မြင့်ကိုယ်စားလှယ် စကားဝိုင်းဆွေးနွေးပွဲ”ကို ဖိလစ်ပိုင်နိုင်ငံ မက်ထရို မနီလာမြို့၌ ဧပြီ ၂၄ ရက်တွင် ကျင်းပခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
တက်ရောက်
အဆိုပါစကားဝိုင်းဆွေးနွေးပွဲကို ဘေးကင်း၍ လုံခြုံစိတ်ချရပြီး စည်းကမ်းတကျဖြစ်သော အလုပ်သမားရွှေ့ပြောင်းသွားလာမှုကိုတိုးမြှင့်ရန်နှင့် အလုပ်သမားများအနေဖြင့် တရားမျှတသောလုပ်သား စုဆောင်းမှု၊ အလုပ်အကိုင်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများရရှိစေရန်၊ အကျပ်အတည်းများ၊ ဘေးအန္တရာယ်များနှင့် ရာသီဥတုဒဏ်ခံရသော အခြေအနေများအပါအဝင် ရွှေ့ပြောင်းသွားလာမှုလမ်းကြောင်းများတစ်လျှောက် အန္တရာယ်များကို လျှော့ချရန်၊ ကျွမ်းကျင်မှုအသိအမှတ်ပြုခြင်း၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ လွှဲပြောင်းသုံးစွဲနိုင်ခြင်းနှင့် ရွှေ့ပြောင်းသွားလာမှုစည်းမျဉ်းများမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အရေးများကို ဖော်ထုတ်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ အလုပ်သမားဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM)မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အလုပ်သမားရွှေ့ပြောင်းသွားလာမှုနှင့် အကာအကွယ်ပေးမှုအတွက် ပူးပေါင်းဆောင်ရွက်မှု ယန္တရားများအပါအဝင် မိတ်ဖက်ဆောင်ရွက်မှုကဏ္ဍ၊ အလုပ်သမားရွှေ့ပြောင်းသွားလာမှုနှင့် အကာအကွယ်ပေးမှုကဏ္ဍ၊ အကျပ်အတည်း၊ ရာသီဥတုနှင့် ကျန်းမာရေးကဏ္ဍသုံးရပ်တို့ကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ကာလရှည်ကြာစွာ ဒေသတွင်းမိတ်ဖက်နိုင်ငံများအဖြစ် ရှိနေကြသော်လည်း ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာစီမံခန့်ခွဲမှု၊ နည်းပညာပိုင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ၊ အတွေ့အကြုံဖလှယ်မှုများတွင် ကွာဟ ချက်များကျန်ရှိနေမှုအပေါ် ဆက်စပ်အကောင်အထည်ဖော်နိုင်ရေး ပိုမိုရင်းနှီးစွာပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခြင်းဖြင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ နည်းပညာပိုင်းဆိုင်ရာထိတွေ့မှုများနှင့် အတွေ့အကြုံဖလှယ်မှုများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ အရှေ့တောင်အာရှ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အလုပ်သမားရွှေ့ပြောင်းသွားလာမှု၏ အရေးပါပုံနှင့် အာဆီယံအနေဖြင့်ဘေးကင်းပြီး ပုံမှန်ဖြစ်သော အလုပ်သမားရွှေ့ပြောင်းသွားလာမှုလမ်းကြောင်းများကို တိုးမြှင့်ခြင်းအပါအဝင် ရွှေ့ပြောင်းအလုပ် သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဆောင်ရွက်ချက်များ၊ ကျင့်ဝတ်နှင့်ညီသည့် အလုပ်သမားစုဆောင်းမှုနှင့် နေရပ်ပြန်ခြင်းလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည့်အစီအမံများ၊ ဒစ်ဂျစ်တယ်အသုံးပြုရသော အလုပ်အကိုင်ပုံစံသစ်များ၏ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းများ၊ ရွှေ့ပြောင်းအလုပ်သမားများ အထူးသဖြင့် အိမ်တွင်းအထောက်အကူပြု အလုပ်သမားများအား သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်း၊ ကလေးသူငယ်စောင့်ရှောက်မှုလုပ်ငန်း၊ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ရန် ကျွမ်းကျင်မှုများကို အသိအမှတ်ပြုခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများ၊ သင်တန်းများ ပို့ချခြင်းအပါအဝင် ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ နေရပ်ပြန်လည်ပို့ဆောင်ခြင်းဆိုင်ရာ ဆန်းစစ်ချက်များကို ပိုမိုမြှင့်တင်အကောင်အထည်ဖော်နိုင်ရေး စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာခြင်းကို ဒေသတွင်းစီးပွားရေးနှင့်ချိတ်ဆက်ပြီး ရွှေ့ပြောင်းသွားလာခြင်းမှတစ်ဆင့် စေလွှတ်နိုင်ငံနှင့် လက်ခံနိုင်ငံများအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေရေး လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာဆောင်ရွက် နိုင်မည့်နည်းလမ်းများ၊ ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ရောက်ရှိခြင်း၊ ပြန်လည်ပေါင်းစည်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမှုများ၊ လူမှုဖူလုံရေးကာကွယ်စောင့်ရှောက်မှုများ၊ ဘေးအန္တရာယ်ကျရောက်မှုကြောင့် နေရပ်စွန့်ခွာမှုနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု စသည်တို့အပေါ်အတွေ့အကြုံများ၊ စိန်ခေါ်မှုများနှင့် သာဓကများ၊ ရရှိခဲ့သည့်သင်ခန်းစာများကို မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ အလုပ်သမားဝန်ကြီးများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ဆွေးနွေးပွဲကာလအတွင်း အာဆီယံနိုင်ငံများမှ အလုပ်သမားဝန်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလုပ်သမားရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအပေါ် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုတိုက်တွန်းချက်များကို မြန်မာနိုင်ငံမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေ မှတ်တမ်းစာအုပ်များ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတို့နှင့် သီးခြားစီတွေ့ဆုံ၍ ဆောင်ရွက်ဆဲနှစ်နိုင်ငံ အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆက်လက်အကောင်အထည်ဖော်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
