ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
Ministry of Information/ Naypyitaw / January 08, 2025
နေပြည်တော် ဇန်နဝါရီ ၈
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စ ပါနီး ယာထော်တူးထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကိုလည်းကောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကိုလည်းကောင်း အသီးသီးပေးပို့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စ ပါနီး ယာထော်တူးထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူတစ်ရပ်လုံးထံသို့ နွေးထွေးသည့် ဂုဏ်ပြုဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
နောင်လာမည့်နှစ်များတွင် မိမိတို့နှစ်နိုင်ငံအကြားရှိ ကောင်းမွန်သောအစဉ်အလာအရ ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးနှင့် ကာလကြာရှည် နီးကပ်သောပူးပေါင်းဆောင်ရွက်မှုတို့သည် နှစ်နိုင်ငံနှင့် ကဏ္ဍစုံမူဘောင်များမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများ၏ တိုးတက်သာယာဝပြောရေးအတွက်သာမက အာဆီယံအသိုက်အဝန်း၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင်ပါ ပိုမိုခိုင်မာလာမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
၂၀၂၅ ခုနှစ် နှစ်သစ်အခါသမယ၌ အဆွေတော်အနေဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကြီးမြတ်သော လုပ်ငန်းဆောင်တာများတွင် အောင်မြင်မှုများ ပိုမိုရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည် အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဦးသန်းဆွေထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေးထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် အဆွေတော်ထံမှတစ်ဆင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ထမ်းများထံသို့ မိမိမှ ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
ဆယ်စုနှစ် ခုနစ်ခုကြာကာလအတွင်း မိမိတို့နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုတို့သာမက နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာလာသည်ကို တွေ့မြင်ရသဖြင့် မိမိအနေဖြင့် ဝမ်းမြောက်မိပါသည်။ ထိုသို့ကောင်းမွန်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် နောင်လာမည့်နှစ်များတွင် ဆက်လက်တိုးတက်လာမည်ကို မိမိခိုင်မာစွာယုံကြည်ပါကြောင်းနှင့် နှစ်နိုင်ငံ၊ ပြည်သူများနှင့် ဝန်ကြီးဌာနများအကြား အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်လာရေးအတွက် အဆွေတော်နှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါသည်။
၂၀၂၅ ခုနှစ် နှစ်သစ်အခါသမယ၌ အဆွေတော်ထံသို့ ဆုမွန်ကောင်းများပို့သအပ်ပါကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ထမ်းများအားလုံး ကျန်းမာရွှင်လန်းပျော်ရွှင်ပြီး အလုပ်တာဝန်များထမ်းဆောင်ရာ၌ အောင်မြင်မှုများရရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည် အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။