ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ရန်ကုန်မြို့အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ လက်မှတ်ရေးထိုး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ရန်ကုန်မြို့အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ လက်မှတ်ရေးထိုး
Ministry of Information/ Naypyitaw / August 12, 2025

နေပြည်တော် ဩဂုတ် ၁၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေသည် ဩဂုတ် ၇ ရက် တွင် ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဩဂုတ် ၈ ရက်မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။
ယနေ့တွင် မြန်မာနိုင်ငံဆိုင်ရာသံရုံးအကြီးအကဲများဖြစ်သည့် ဗီယက်နမ်နိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Nguyen Cong Son ၊ အီဂျစ်နိုင်ငံသံရုံးမှ ဒုတိယအတွင်းဝန် Dr. Ahmed Abdallah Mahmoud Atiya Eltahlawy နှင့် တောင်အာဖရိက နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးမြင့်ဌေးတို့က ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။
ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးသော သံတမန်များနှင့် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်တို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
သံတမန်များနှင့် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်တို့က ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ၊ ကျန်ရစ်သူမိသားစုသို့ ဝမ်းနည်းကြောင်း နှင့် စာနာထောက်ထားပါကြောင်း သတင်းစကားများပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

