ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
Ministry of Information/ Naypyitaw / February 12, 2026
(၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်)
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား
ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့၊ နေ့ထူးနေ့မြတ် အခါသမယ၌ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံသည် နယ်ချဲ့တို့၏လက်အောက်တွင် နှစ်ပေါင်း(၁၀၀)ကျော် နေထိုင်ခဲ့ရပြီး ၎င်းတို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ရပါသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အတူလက်တွဲ၍ အသက်ပေါင်းများစွာ ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြပါသည်။ တောင်တန်းဒေသနှင့်ပြည်မ တပေါင်းတစည်းတည်း လွတ်လပ်ရေးရယူရန်သန္နိဋ္ဌာန်ဖြင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားခေါင်းဆောင်ကြီးများက ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုနေ့ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းမော်ကွန်းတင်၍ နှစ်စဉ်ဂုဏ်ပြုကျင်းပလာခဲ့သည်မှာ ယနေ့တွင် (၇၉)နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား
နိုင်ငံတစ်နိုင်ငံ၏အခြေခံလိုအပ်ချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။ တိုင်းပြည်သာယာဝပြောမှသာ လူမှုစီးပွားဘဝဖွံ့ဖြိုးပြီး ပြည်သူအားလုံးပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ကြမည်ဖြစ်ပါသည်။ အသိပညာ၊ အတတ်ပညာပြည့်စုံသော လူတော်လူကောင်းများဖြင့်သာ နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောအောင် စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ တိုင်းပြည်၏ ပညာရေးကဏ္ဍကိုလည်း ဦးစားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရန်အတွက်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး အရည်အသွေးကောင်းမွန်သော တန်ဖိုးမြင့်ထုတ်ကုန်များကို ပြည်တွင်းသုံးစွဲမှု ဖူလုံရုံသာမက ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ပံ့ပိုးအားပေးလျက်ရှိပါသည်။
ရေခံမြေခံကောင်းပြီး သဘာဝသယံဇာတပေါကြွယ်၀သော မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးမြေဧရိယာလုံလောက်ခြင်း၊ လူဦးရေသင့်တင့်မျှတခြင်း၊ ရာသီဥတုနှင့်ဂေဟစနစ်မျိုးစုံခြင်း၊ ရေချိုအရင်းအမြစ်ကြွယ်ဝခြင်းတို့ကြောင့် ပြည်တွင်းစားရေရိက္ခာဖူလုံသည့် နိုင်ငံဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများ၌ တစ်ဧကပန်းတိုင်ရည်မှန်း ချက်ပြည့်မီအောင်ထွက်ရှိစေရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုး၊ မြေ၊ ရေ၊ နည်းလိုအပ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များကို ပံ့ပိုးပေးလျက်ရှိပါသည်။ မိရိုးဖလာစိုက်ပျိုးခြင်းသာမက ခေတ်မီနည်းစနစ်များကိုလည်း လေ့လာကျင့်သုံး၍ အထွက်နှုန်းများ တိုးတက်အောင်၊ သီးထပ်စွမ်းအားများမြင့်မားအောင် ဆောင်ရွက်ကြခြင်းဖြင့် ပြည်သူများ၏ စားရေရိက္ခာပြည့်စုံပြီး နိုင်ငံ့စီးပွားရေးရလဒ်ဖြစ်သော GDP ကို မြင့်မားတိုးတက်စေမည် ဖြစ်ပါသည်။
စားရေရိက္ခာအတွက် စိုက်ပျိုးရေးသာမက မွေးမြူရေးကိုလည်း ယှဉ်တွဲလုပ်ဆောင်ရန် လိုအပ်ပါသည်။ ဒေသအလိုက်ဖူလုံအောင် မွေးမြူထုတ်လုပ်ရန်နှင့် တိရစ္ဆာန်အစာအတွက်လည်း ဒေသ၏ စိုက်ပျိုးရေးထွက်ကုန်များကို အခြေခံ၍ထုတ်လုပ်ရန် တိုက်တွန်းအားပေးလျက်ရှိပါသည်။ အဓိကလိုအပ်သည်မှာ ပြည်သူအားလုံးကြိုးစားအလုပ်လုပ်ကြရန်သာ ဖြစ်ပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် အလေးထားတိုက်တွန်းအပ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ပကတိလိုအပ်ချက်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးပင် ဖြစ်ပါသည်။ ဒေသတစ်ခု တည်ငြိမ်အေးချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းကိုပျက်ပြားအောင် အဆိုပါဒေသရှိ အကြမ်းဖက်သမားများကသာ ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။ လက်ရှိအချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများက လမ်းတံတားများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ ပိတ်ဆို့တားဆီးခြင်း၊ ပြည်သူပိုင်အဆောက်အအုံများ မီးရှို့ဖျက်ဆီးခြင်း စသည့်အဖျက်အမှောင့်ပယောဂများလုပ်ဆောင်မှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ ကုန်စည်စီးဆင်းမှုနှောင့်နှေးခြင်း၊ ပညာသင်ယူမှုအခွင့်အလမ်းများဆုံးရှုံးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိခြင်းတို့ကို ကြုံတွေ့နေရပါသည်။ နယ်မြေဒေသအချို့တွင် မတည်ငြိမ်မှုများဖြစ်ပွား၍ ဒေသခံတိုင်းရင်းသားများသည် လူမှုစီးပွားဘဝနိမ့်ကျမှု၊ အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ကြုံတွေ့လျက်ရှိပါသည်။ ဤဖြစ်စဉ်များကြောင့် လူမှုစီးပွားဘဝများကျဆင်းလာပြီး ပြည်သူများ ဆင်းရဲဒုက္ခကြီးမားလာသည်ကို အထူးသတိချပ်ရမည်ဖြစ်ပါသည်။
မိမိတို့နိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်စိုးသည့် နိုင်ငံဖြစ်ပြီး နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော အာဏာခက်မသုံးဖြာသည် အမိနိုင်ငံတော်မှ ပေါက်ဖွားလာသော တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု၊ ဘဝလုံခြုံမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းမှုတို့အတွက် အဓိကထားဆောင်ကြဉ်းပေးလျက်ရှိပါသည်။
အကြမ်းဖက်မှုပပျောက်၍ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားအားလုံး လူ့အခွင့်အရေးအပြည့်အဝရရှိစေရေးတို့အတွက် ဖြောင့်မတ်တည်ကြည်သည့် တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော် ဆောင်လျက်ရှိပါသည်။ နိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းများသာမက မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများကို ဥပဒေနှင့်ပတ်သက်သည့် အသိပညာများ သင်ကြားဖြန့်ဝေပေးလျက်ရှိပါသည်။
တပ်မတော်သည် ပြည်သူကြားမှ သန္ဓေတည်ပေါက်ဖွားလာသော မျိုးချစ်ပြည်သူ့တပ်မတော်ဖြစ်သကဲ့သို့ တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ပြည်ထောင်စုတပ်မတော်လည်းဖြစ်ပါသည်။ နိုင်ငံတော်အတွက် မယိမ်းမယိုင်ရပ်တည်ခဲ့သော အခိုင်မာဆုံးအဖွဲ့အစည်းဖြစ်ပါသည်။ တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှစတင်၍ ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုများကို ယနေ့အချိန်အထိ ထိန်းသိမ်း ဆောင်ရွက်နေပါသည်။ ပြည်သူတစ်ရပ်လုံး၏ အားပေးထောက်ခံမှုဖြင့် တိုင်းပြည်အပေါ် ကျရောက်လာသည့် ပြည်တွင်း၊ ပြည်ပအန္တရာယ်ရန်စွယ်ဟူသမျှကို မျိုးချစ်စိတ်ဓာတ်အရင်းခံ၍ စွန့်လွှတ်စွန့်စားမှုဖြင့် အစွမ်းကုန်ကာကွယ်စောင့်ရှောက်လျက်ရှိပါသည်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားသည့် ပြည်သူများနှင့်လက်တွဲပြီး လက်နက်ကိုင်သောင်းကျန်းသူများ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်မှုများကို ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးအတွက် ပြည်ပအမှီအခိုကင်းစွာဖြင့် ပြည်တွင်းအင်အားစုများကိုအခြေခံကာ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ်ကို ကြိုးပမ်းဖော်ဆောင်သွားမည် ဖြစ်ပါသည်။ ကမ္ဘာတည်သရွေ့ တပ်မတော်တည်ရှိနေပါမည်။ တပ်မတော်တည်ရှိနေသရွေ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲနေပါမည်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တစ်သားတည်းရပ်တည်ပြီး ပြည်ထောင်စုမပြိုကွဲရေးအတွက် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ပါသည်။
သို့ဖြစ်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ တိုင်းရင်းသားလူမျိုးများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ကိုအခြေခံကာတည်ဆောက်ထားသည့် နိုင်ငံဖြစ်ပါသည်။ လောကကို ငြိမ်းချမ်းသာယာအောင် စောင့်ရှောက်သည့် လောကပါလတရားများ ထွန်းကားမှသာ လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခများ လျော့နည်းပြီး သဟဇာတကျကျ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြမည် ဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူအားလုံးက ပင်ကိုနိုးကြားသည့် အသိစိတ်ဖြင့် လောကပါလတရားများကို ကျင့်သုံးစောင့်ထိန်းမှသာ အေးချမ်းသာယာသောနိုင်ငံအဖြစ် ရေရှည်ရပ်တည်နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအားလုံးသည် ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ၊ တစ်မြေတည်းနေတစ်ရေတည်းသောက် စည်းလုံးညီညွတ်ခဲ့ကြသည့် ပြည်ထောင်စုဖွားညီအစ်ကိုမောင်နှမများဖြစ်ကြပါသည်။
အေးချမ်းစွာနေထိုင်လိုကြသော ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပဋိပက္ခများချုပ်ငြိမ်းသည့် ထာဝရငြိမ်းချမ်းရေးကို တောင့်တနေကြပြီဖြစ်ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သော လူငယ်ငြိမ်းချမ်းရေးဖိုရမ်တွင်လည်း မြန်မာနိုင်ငံတစ်နံတစ်လျားမှ လူငယ်များ၏ ငြိမ်းချမ်းရေးလိုလားသံများကို ကြားသိခဲ့ရပြီးဖြစ်ပါသည်။
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရာတွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးသည် အဓိကလိုအပ်ချက်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ငြိမ်းချမ်းရေးကို မိမိတို့ တိုင်းရင်းသားပြည်သူများကသာ မဖြစ်မနေဖော်ဆောင်ကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ဘုံသဘောတူညီချက်များနှင့်အညီ ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါသည်။
မိမိတို့နိုင်ငံ၏ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းရှင်းပြီး တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ ရင်ကြားစေ့ဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း ဆွေးနွေးမှုများကိုဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲဖွင့်လှစ်ကြိုဆိုလျက်ရှိပါသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တွဲလက်ခိုင်မာစွာဖြင့် “ပြည်ထောင်စုကြီးတိုးတက်ဖို့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက် စို့” ဟူသော ပြည်ထောင်စုနေ့ဆောင်ပုဒ်နှင့်အညီ လိုက်နာကျင့်သုံး၍ နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကြိုးပမ်းရန် လိုအပ်မည် ဖြစ်ပါသည်။
သို့ဖြစ်၍ နိုင်ငံတော်အတွင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရင်းခံဖြစ်သကဲ့သို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုများသည်လည်း အခြေခံအုတ်မြစ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံမှီတင်းနေထိုင်ကြသဖြင့် မတူကွဲပြားမှုများကို သဟဇာတဖြစ်အောင်ပေါင်းစည်းကာ အချင်းချင်းယုံကြည်လေးစားမှုကို အခြေခံလျက် ရင်းနှီးချစ်ကြည်စွာ နေထိုင်ကြရေးသည် လွန်စွာပဓာနကျပါသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်နှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပပြီးဖြစ်ပါသည်။ နိုင်ငံသားကောင်းတစ်ယောက်၏ တာဝန်ကိုကျေပွန်စွာ ပါဝင်ဆန္ဒမဲပေးခဲ့ကြသူအားလုံးနှင့် ရွေးကောက်ပွဲအောင်မြင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးတို့အား အသိအမှတ်ပြုကျေးဇူးတင်ရှိပါသည်။ မကြာမီကျင်းပမည့် လွှတ်တော်များ၊ အစည်းအဝေးများမှ ပေါ်ထွက်လာသော အစိုးရအားနိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်ပေးသွားမည်ဖြစ်ပါသည်။
ပြည်ထောင်စု၏အင်အားသည် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုအပေါ်တွင် တည်မှီနေပါသည်။ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးမပြုသည့် အတွေးအခေါ်နှင့် လုပ်ဆောင်ချက်များကို ချန်ရစ်ပြီး နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် အပြုသဘောဆောင်ရွက်ချက်များကို စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် လုပ်ဆောင်သွားကြရမည်ဖြစ်ပါသည်။ သို့မှသာ တိုင်းရင်းသားပြည်သူအားလုံးမျှော်မှန်းထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်သို့ ချောမောလျင်မြန်စွာရောက်ရှိမည်ဖြစ်ပါသည်။
ပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းရာတွင် တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများရှိသော်လည်း “စည်းလုံးခြင်းသည် အင်အား၊ ညီညွတ်ခြင်းသည်စွမ်းအား၊ ငြိမ်းချမ်းခြင်းသည် အလှတရား” ဆိုသည့်အတိုင်း နိုင်ငံသားတိုင်းသည် ရင်းနှီးချစ်ကြည်မှု၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့်စည်းလုံးညီညွတ်မှုတို့ဖြင့် လက်တွဲကြိုးပမ်းမှသာ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား
ဝေးလံခေါင်ပါးနယ်စပ်ဒေသများမှ ဒေသခံပြည်သူများအပါအဝင် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ အလုံးစုံဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးအတွက် ဟန်ချက်ညီသည့် နိုင်ငံ့အင်အားတစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံသားတိုင်း ကျန်းမာသန်စွမ်း၍ ဗလငါးတန်ပြည့်စုံပြီး ဘက်စုံပညာပြည့်ဝမှသာ နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ ပြည့်မီနိုင်မည်ဖြစ်ပါသည်။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ခြင်းပင်ဖြစ်သဖြင့် ပညာရေးကို အားပေးလျက်ရှိပါသည်။ စဉ်းစားတွေးခေါ်မှု၊ ဆန်းသစ်တီထွင်မှုကို အားပေးသော သင်ကြားသင်ယူမှုဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များ ပေါများလာရေးကို မျှော်မှန်းအကောင် အထည်ဖော်လျက်ရှိပါသည်။
ဘက်စုံကျယ်ပြန့်သောပညာရပ်များကို တစ်နေရာတည်းတွင် ရွေးချယ်သင်ယူဆည်းပူးနိုင်စေရန် နေပြည်တော်တွင် Naypyitaw State Academy ကို အသစ်ဖွင့်လှစ်ပေးသကဲ့သို့ Naypyitaw State Polytechnic University အပါအဝင် Polytechnic University (၉) ခု ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်အပြင် နိုင်ငံတော်အတွက်အားထားရသော စိုက်ပျိုးမွေးမြူရေး ပညာရှင်များ ပိုမိုမွေးထုတ်နိုင်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေး တက္ကသိုလ်(မအူပင်)ကိုလည်း ဖွင့်လှစ်ပေးခဲ့ပါသည်။ အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့် လူငယ်များအား ပညာပြည့်ဝ၊ နှလုံးလှသည့် လူတော်လူကောင်းများဖြစ်လာစေရေး ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြပါရန် တိုက်တွန်းမှာကြားလိုပါသည်။
ကျန်းမာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ လက်လှမ်းမီရရှိရေးအတွက် ဆေးရုံများတွင် ဆေးဝါးနှင့်ပစ္စည်းကိရိယာများ ပြည့်စုံအောင်ဖြည့်ဆည်းပေးခြင်း၊ အခမဲ့ဆေးဝါးကုသခွင့်များ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများ ခန့်ထားပေးခြင်းတို့ကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါသည်။ နိုင်ငံသားတိုင်း လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တိုးမြှင့်ထုတ်လုပ်ခြင်း၊ အရည်အသွေးမြင့် သွင်းကုန်အစားထိုးထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်ခြင်း၊ စက်မှုစိုက်ပျိုးမွေးမြူရေးကို အားပေးခြင်း၊ ကျန်းမာသန်စွမ်းသော လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ ဉာဏ်ရည်တုအေအိုင်နည်းပညာကို နယ်ပယ်စုံတွင် လေ့လာအသုံးပြုရေး အားပေးပံ့ပိုးလျက်ရှိပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် ပြည်တွင်းရှိ အသိပညာရှင်၊ အတတ်ပညာရှင်များကိုသာမက မိတ်ဖက်နိုင်ငံများမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများနှင့် ကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များကိုဖိတ်ခေါ်၍ နည်းပညာအကူအညီများရယူပြီး ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းဖော်ဆောင်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား
၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်(၅) ရပ်ဖြစ်သော-
- နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊
- တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ တိုင်းရင်းသား လူမျိုးများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ရေး၊
- နိုင်ငံတော်အတွင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊
- တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရေး၊
- ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဖော်ဆောင်ရေးတို့ကို
ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူတစ်ရပ်လုံးက သမိုင်းပေးတာဝန်အဖြစ် အလေးအနက်ခံယူလျက် သွေးရင်းသားရင်းများပီပီ၊ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ ဥမကွဲသိုက်မပျက် လက်တွဲ ပူးပေါင်းဆောင်ရွက်ပြီး ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့တည်တံ့ ခိုင်မြဲဖွံ့ဖြိုးတိုးတက်အောင် စုပေါင်းတည်ဆောက်ကြပါစို့ဟု တိုက်တွန်းလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
ယာယီသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်
